ပရိသတ်တွေအတွက် ဘယ်လ်ဂျီယမ်နိုင်ငံက ပန်းမြို့တော်လို့ နာမည်ကြီးတဲ့ ဂင့်မြို့လေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒီဂင့်မြို့လေးဟာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ဘရပ်ဆဲလ်မြို့တော်၏အနောက်မြောက် ၃၁ မိုင်အကွာ ဆကဲ့နှင့် လိမြစ် ၂ သွယ်တို့ ပေါင်းဆုံတဲ့နေရာနားမှာ တည်ရှိပါတယ်။
ဂင့်မြို့ဟာ ၇ ရာစုနှစ်မှစ၍ ဥရောပသမိုင်းတွင် ထင်ရှား သော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၁၈၁၄ ခုနှစ်တွင် နယ်သာလန်နိုင်ငံ ထဲသို့ပါဝင်လာခဲ့ပြီး ၁၈၃ဝ ပြည့်နှစ်မှ ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ လူဦးရေ ၁၆ဝဝဝဝ ကျော်ရှိပြီး ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ သိမ်းပိုက်ထားခြင်း ခံခဲ့ရသဖြင့် စစ်ဒဏ်ကို အတော်လေးခံစားခဲ့ရသော မြို့လည်း ဖြစ်ပါတယ်။


ဒီဂင့်မြို့လေးဟာ ရှေးဟောင်းမြို့ကြီး တစ်မြို့ဖြစ်ပြီး ထင်ရှားလှတဲ့ စိန်ဗဗွန်ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးနဲ့ ၁၃ ရာစုနှစ်လောက်က တည်ထားခဲ့သောဘုန်းကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနဲ့ ရှေးဟောင်းအဆောက်အဦးများစွာ ရှိပါတယ်။
ဒါ့အပြင် ဖလန်းဒါး နယ်စားကြီး ဆောက်လုပ်ထားသည့် အလယ်ခေတ်မှ ခမ်းနား လှသော ရဲတိုက်ဟောင်းကြီးကလည်း မြို့ရဲ့ ကျက်သရေဆောင် ရှေးဟောင်း အဆောက်အအုံကြီး တစ်ခုအဖြစ်ရှိလို့နေပါတယ်။


ဂင့်မြို့ဟာ ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ စက်မှုထွန်းကားရာ မြို့ကြီးဖြစ်သည့် အတိုင်း ချည်ထည်၊ သက္ကလတ်ထည်၊ သိုးမွေးထည် ရက်လုပ် သော လုပ်ငန်းများရှိသလို ဆပ်ပြာချက်ခြင်း၊ သားရေနယ်ခြင်း၊ ဂုန်လျှော်ထုတ်ခြင်း၊ စက္ကူလုပ်ခြင်း၊ဆေးရွက်များ ပြင်ဆင်ခြင်း၊ စက်ပစ္စည်းများ ပြုလုပ်ခြင်း စသော လုပ်ငန်းများမှာလည်း အတော်ပင် ကြီးကျယ်လှပါတယ်။
ဒါ့အပြင် ပန်းများ စိုက်ပျိုးရောင်းချရာမှာလည်း နာမည်ကြီးလှသလို ၅ နှစ်တစ်ကြိမ် တည်ခင်းပြသသော ပန်းပြပွဲကြီးမှာ အထူး ထင်ရှားကျော်ကြားလှပါတယ်။၄င်းပန်းပွဲတော်ကြီးဟာ ဂင့်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့အရာတွေထဲက အဓိကကျတဲ့ အခန်းဂဏ္ဍနေရာမှာ ရှိလို့နေပါတယ်။


သတင်းအရင်းမြစ်: Wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။