Makeup Artist မေဦးကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ သူ့ရဲ့ သတ္တိရှိမှုတွေကိုလည်း ပရိသတ်တွေက အရမ်းကို လေးစားအားကျနေကြရတာပါ။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ သတင်းအချက်အလက်တွေကိုတော့ မေဦးရဲ့ လူမှုကွန်ယက်များတွင် ဝေမျှပေးနေတာပါ။
သူ့ရဲ့ လုံခြုံမှုအတွက် စိတ်ပူနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်နော်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေဦးရဲ့ Facebook အကောင့်တွင် ဓမ္မဘက်ကရပ်တည်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးတော်ပုံအောင်မြင်ဖို့ စိတ်ဝမ်းမကွဲဘဲ အားတင်းရှေ့ဆက်ဖို့ လိုကြောင်းကိုလည်း..
" အစကမပြောတော့ဘူးလို့နေပေမယ့် အခုချိန်မှာ လူစုခွဲရုံမဟုတ်ဘူး စိတ် ဝမ်းကွဲစေမယ့်အကြောင်းအရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးလုပ်ဆောင်လာကြလို့ မေဦးတစ်ခုပြောပြပါရစေ
အခုချိန်မှာ အမှန်တရားဘက်ကရပ်တည်ရတာဟာ အမှန်တရားကို သိရုံ ၊ သတ္တိရှိရုံနဲ့ မရပါဘူး
မေဦး ဓမ္မဘက်ကရပ်တည်ဖို့ဆုံးဖြတ်တဲ့အခါ အိမ်အထိဝင်ရောက်ဖျက်ဆီးသွားခဲ့တာ၊ အထုပ်ကြီးငယ်နဲ့ မေဦးပိုင်ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့တာ၊ TV မှာတော့မေဦးအိမ်မှာ ဖျက်စီးရေးပစ္စည်းတွေတွေ့ပါတယ် ဆိုပြီးလုပ်ကြံစွပ်စွဲ ကြေညာတဲ့အထိ သူတို့ဘက်ကလုပ်ဆောင်လာခဲ့ပါတယ်
ဒီလို လူတိုင်းမမြင်နိုင် မသိနိုင်တဲ့ဖိအားအမျိုးမျိုးအပြင် နှောင်ကြိုးတွေနဲ့ ခြိမ်းခြောက် တစ်ဖက်သတ် ထွက်ဆိုခိုင်းတာတွေကိုလည်း အားလုံးသိရှိပြီးသားပါ
ဒါကြောင့် အခုချိန်မှာ ရွေးချယ်ခွင့်အရ မဟုတ်ဘဲ မလွှဲမရှောင်သာလို့ ရင်ဆိုင်လိုက်ရတဲ့ သူတွေကို မေဦးတို့အပြစ်တင်ရှုံ့ချနေခြင်းထက် အားလုံးရဲ့ ဘုံရန်သူနဲ့ အဓိကအကြောင်းအရင်းကို မေ့မပစ်ဘဲ ရောက်ရှိနေတဲ့နေရာကနေ ရနိုင်သမျှ ဆက်လက်တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံပါရစေ
မတူတာတွေဘေးဖယ်ပြီး တူညီတဲ့ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ အားတင်း ရှေ့ဆက်ကြမယ်နော်
အရေးတော်ပုံအောင်ရမည်??" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-May Oo’s Facebook Account