ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားခြင်းကိုရရှိနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။လူငယ်မျိုးဆက်သစ်တွေကလည်း နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေ သတိထားမိလာအောင် အချိန်ရှိတိုင်း နည်းမျိုးစုံကို တီထွင်ကာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ ခုဆိုရင် ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေရဲ့ လမ်းမတွေထက်မှာ လူငယ်တွေစုပေါင်းကာ ဆန္ဒထုတ်ဖော်မှုတွေကို ပြန်လည်လှုပ်ရှားလာတာ တွေ့ရပါတယ်။
လမ်းပေါ်ထွက်နိုင်သူတွေကလည်း အပြင်ထွက်ကာ ချီတက်ကြွေးကြော်ကြသလို တစ်ချို့ကလည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနိုင်မယ့် Strike တွေကိုတီထွင်ကာ နေ့ရက်တိုင်း ဆန္ဒထုတ်ဖော်လျက်ရှိတာလည်းဖြစ်ပါတယ်။ ဧပြီလ (၂၆) ရက်နေ့ ညပိုင်းမှာဆိုရင်လည်း အာဆီယံနိုင်ငံရဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုရဲ့သဘောထားနဲ့ဆန္ဒကို Screen Campaign ပြုလုပ်ကာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတွေ့ရပါတယ်။
ထို Campaign ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦးကလည်း " Screen Campaign ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အာဆီယံနိုင်ငံက ခေါင်းဆောင်တွေကို မြန်မာပြည်က ပြည်သူတွေ ဒီမိုကေရစီ ဘယ်လောက်အထိလိုလားနေကြတယ်၊ လက်ရှိပြည်သူတွေဘယ်လိုခံစားနေရတယ်ဆိုတာကို အာဆီယံခေါင်းဆောင်တွေကိုသိစေချင်တယ်၊ ပြီးတော့ မြန်မာပြည်သူလူထုတွေရဲ့အသံကိုနားထောင်စေချင်တယ်၊ ကြားစေချင်တယ်၊ သိစေချင်တယ်၊ အရေးတစ်ယူလုပ်စေချင်လို့ ဒီ Campaign ကိုပြုလုပ်တာဖြစ်ပါတယ်"လို့ပြောကြားထားတာတွေ့ရပါတယ်။