ပြည်တွင်းပြည်ပ နေရာအသီးသီးမှာနေထိုင်ကြတဲ့ မြန်မာလူမျိုး တစ်ယောက်စီတိုင်းရဲ့ စည်းလုံးညီညွတ်မှုတွေ တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးလေးစားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အချိန်အားဖြင့် သုံးလရှိခဲ့ပါပြီ။အားလုံးကလည်း ခိုင်မာတဲ့ ယုံကြည်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေပဲကြုံနေပါစေ နောက်မဆုတ်ဘဲ အသက်ကိုပေးကာ လှုပ်ရှားပါဝင်နေကြတာပါ။
လှုပ်ရှားသူနဲ့ လိုအပ်တာမှန်သမျှပံ့ပိုးထောက်ပံ့သူဆိုပြီး ညီညွတ်နေမှုကြီးကလည်း တကယ်ကို မျက်ရည်ဝဲလောက်အောင်ကြက်သီးထစရာပါပဲ။ ဒါ့ကြောင့်လည်း လူကြီးတွေက GenXYZ လေးတွေကို ချီးကျူးမဆုံးဖြစ်နေကြတာပါ။ခုဆိုရင် ရပ်ဝေးရပ်နီးနေရာဒေသအစုံမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ တစ်ရက်လေးမှမနားဘဲ ဆန္ဒထုတ်ဖော်မှုတွေကို အင်တိုက်အားတိုက်လှုပ်ရှားလျက်ရှိပါတယ်။ဒီလို နေ့စဉ်တိုင်း အားအင်အပြည့်နဲ့လှုပ်ရှားနေတဲ့မြို့တွေထဲမှာ မုံရွာမြို့လည်း အပါအဝင်ပါပဲနော်။
မေလ (၂) ရက်နေ့မှာဆိုရင်လည်း မုံရွာရဲ့ ရပ်ကွက်အသီးသီးက သပိတ်စစ်ကြောင်းတွေ စုပေါင်းကာ လမ်းမပေါ်ထွက်လှုပ်ရှားခဲ့ကြတာတွေ့မြင်ရပါတယ်။ဒီလိုလှုပ်ရှားကြရာမှာလည်း အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့အပြင် ဒီလှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးကလည်း " နွေဦး မေတူးနဲ့အတူ ငါတို့ပြန်လာပြီဆိုသော မုံရွာပြည်သူလူထုသည် အသွင်သဏ္ဍာန်မျိုးစုံ၊ နည်းနာပေါင်းစုံဖြင့် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ မုံရွာ ပင်မ သပိတ်စစ်ကြောင်းနဲ့ ရပ်ကွက်စစ်ကြောင်းအချို့ ဖြိုခွင်းခံရ၊ အဖမ်းဆီးခံရမှုတွေ ရှိခဲ့ပေမယ့်လည်းကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ လှုပ်ရှားမှုမှာ စောက်ကြောတင်းတဲ့ မုံရွာရှိ ရပ်ကွက်အသီးမှ ပြည်သူလူထုနှင့်လူငယ်များက ပုံစံအမျိုးမျိုးဖြင့် စစ်ကြောင်းများ ချီကာအာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။" လို့ဆိုကာ သူရဲ့ ရင်တွင်းခံစားချက်လေးကိုရေးသားဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် မုံရွာမြို့ရဲ့ သပိတ်စစ်ကြောင်းပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။