ပြည်တွင်းပြည်ပ နေရာအသီးသီးမှာနေထိုင်ကြတဲ့ မြန်မာလူမျိုး တစ်ယောက်စီတိုင်းရဲ့ စည်းလုံးညီညွတ်မှုတွေ တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးလေးစားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အချိန်အားဖြင့် သုံးလရှိခဲ့ပါပြီ။အားလုံးကလည်း ခိုင်မာတဲ့ ယုံကြည်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေပဲကြုံနေပါစေ နောက်မဆုတ်ဘဲ အသက်ကိုပေးကာ လှုပ်ရှားပါဝင်နေကြတာပါ။
မျိုးဆက်သစ် လူငယ်တွေကလည်း ဇာတိသွေး၊ဇာတိမာန်ပြည့်ဝပြီး အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲတဲ့ စိတ်လည်း အပြည့်ရှိတာကိုတွေ့ရပါတယ်။အခုဆိုရင် မြို့တိုင်းလိုလိုက လူငယ်တွေဟာ သပိတ်စစ်ကြောင်းမျိုးစုံနဲ့ လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှားလာကြတာကိုတွေ့မြင်ရပါတယ်။မန္တလေးမှာဆိုရင်လည်း နေ့ရက်တိုင်းလိုလို နေရာအသီးသီးမှာ ကျန်းမာရေး မိသားစုသပိတ် တပ်ပေါင်းစုသပိတ် စတဲ့လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ပြုလုပ်လျက်ရှိပါတယ်။
မေလ (၈) ရက်နေ့ နေ့လည်မွန်းတည့်ချိန်မှာ ဆိုရင်လည်း မန္တလေးအင်ဂျင်နီယာများအဖွဲ့သပိတ်ကြီးဟာ မိန်းလမ်းမကြီးတွေပေါ်ကိုချီတက်ကာ ဆိုင်ဘုတ်များကိုင်ဆောင်ရင်း ရဲရဲဝင့်ဝင့်ချီတက်ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။ချီတက်လှုပ်ရှားကြရာမှာလည်း ဖြိုခွင်းမှုတွေရှိခဲ့ပေမယ့် ဘေးကင်းစွာ လူစုခွဲနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီသပိတ်ထဲမှာ ပါဝင်သူပြည်သူတစ်ဦးကလည်း" အကြမ်းဖက်စစ်ခွေးအဖွဲ့များသည် ပြည်သူ့ထံမှခိုးယူထားသောဆိုင်ကယ်များဖြင့်တစ်မျိုး စစ်ကားများဖြင့်တစ်ဖုံ လိုက်လံဖြိုခွင်းဖို့ကြိုးစားခဲ့သော်လည်း ကျွန်တော်တို့ မန္တလေးအင်ဂျင်နီယာများအဖွဲ့မှ ဘေးကင်းစွာ လူစုခွဲနိုင်ခဲ့ကြပါတယ်" လို့ ဆိုကာသူရဲ့ ခံစားချက်တွေကိုလည်း ဖော်ပြထားပါတယ်။