လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေနဲ့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူအများစုမှာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲတွေနဲ့ ရုန်းကန်ရှာဖွေ နေရရှာပါတယ်။ တချို့မိသားစုတွေဆိုရင် တစ်အိမ်လုံး နေမကောင်းဖြစ်နေကြပြီး ဆေးဝါးဖိုးတောင် မတတ်နိုင်ကြလို့ ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံနေတာတွေလည်း ရှိလာခဲ့ပါတယ်။ ဒီလို အခက်အခဲတွေ ကြုံတွေနေရတဲ့ ပြည်သူတွေကိုလည်း ပြည်သူကပဲ လက်ရှိမှာ အချင်းချင်း ကူညီပေးလာကြတာ တွေ့ရပါတယ်။
တချို့မြို့နယ်တွေမှာဆိုရင်လည်း အကြပ်အတည်းတွေ ဖြစ်နေတဲ့ကြားကနေ စေတနာရှင်များက အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးတွေကို တတ်နိုင်သလောက် လှူဒါန်းပေးကြတာ တွေ့ရပါတယ်။ ယခုမှာလည်း စေတနာရှင်တစ်ဦးရဲ့ လူမှုကွန်ယက်ပေါ်မှာ အခက်အခဲဖြစ်နေတဲ့ အသက်(၉၅)နှစ်အရွယ်နဲ့ အသက်(၆၀)နှစ်အရွယ် သားအမိနှစ်ယောက်အား ဆေးဝါးနဲ့စားသောက်စရာများ ကူညီလှူဒါန်းပေးခဲ့တာလေးကို ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါ့အပြင် စိတ်မကောင်းစရာကတော့ အဆိုပါ သားအမိနှစ်ယောက်ဟာ အလှူရှင်တွေက လာလှူမှသာစားရတဲ့အပြင် ဒီလမှာ အိမ်လခတောင် မပေးနိုင်တော့ဘူးလို့လည်း ကြားသိရပါတယ်။
အနီးအနားက ပြည်သူတွေကလည်း အဆိုပါ အခက်အခဲဖြစ်နေတဲ့ သားအမိနှစ်ယောက်ကို တတ်နိုင်သလောက် ကူညီထောက်ပံ့ လှူဒါန်းပေးကြပါတယ်။ အဆိုပါ သားအမိနှစ်ယောက်ကတော့ ရန်ကုန်မြို့တိုင်း၊ မြောက်ဒဂုံမြို့နယ် (၄၃)ရပ်ကွက်၊ အေးရိပ်သာ (၅)လမ်း က အမှတ် (၁၂၉၀) မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ ပရိသတ်တွေလည်း တတ်နိုင်သလောက် ကူညီလှူဒါန်းပေးလို့ရအောင် ဒီသတင်းလေးကိုပြန်လည်း ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Ei Shwe Sin fb account