ကိုဗစ်ရောဂါကူးစက်မှုတွေကလည်း ဒီကာလမှာ အတော်လေးများနေတာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ ဒီလို အင်တိုက် အားတိုက် ကူညီ လုပ်ဆောင်ပေးနေကြသူတွေ အထဲမှာ ရဟန်းသံဃာတော်များကလည်း ထိပ်ဆုံးက ပါဝင်လျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ် ။
ဆရာတော် တစ်ပါးဆိုရင် သင်္ကန်းဝတ်ကြီးနဲ့တောင် ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေရဲ့ အလောင်းတွေကို ကိုယ်တိုင် PPE ဝတ်ကာ နေ့တိုင်း အစအဆုံး သယ်ယူပို့ဆောင်ပေးနေတာပါ ။ ဒါ့အပြင် အောက်ဆီဂျင်တွေ လုံလုံလောက်လောက်ရရှိနိုင်ဖို့ အရေးမှာလည်း အလှူငွေတွေ များစွာ ထည့်ဝင်ကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဆရာတော်ဘုရားများ ကိုလည်း တွေ့ရပါတယ် ။
အခုလည်း အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို မကြည့်ရက်လို့ မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ရဟန်းသံဃာတော်တွေ ကိုယ်တိုင် အောက်ဆီဂျင်အိုးတွေ ထမ်းကူနေတဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာ တွေ့ရပါတယ် ။ မိုးရေတွေ စိုရွှဲနေတာတောင် အပြုံးမပျက် အောက်ဆီဂျင်အိုး အလေးကြီးတွေကို ထမ်းနေကြတဲ့ ပုံရိပ်တွေက ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ပရိသတ်ကြီးအတွက် ဆရာတော်ဘုရားတွေရဲ့ လေးစားစရာပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။