လတ်တလောမှာ မန္တလေးက အစိုးရဖြုတ်ချရန် ဆန္ဒပြတောင်းဆိုနေကြတဲ့ သပိတ်စခန်းကို ည ၂ နာရီခွဲကျော်ကျော်ခန့်အချိန်မှာ သက်ဆိုင်ရာက ဝင်ရောက်ထိန်းသိမ်းမှုပြုခဲ့ပါတယ် ။ အဆိုပါ ထိန်းသိမ်းမှုမှတ်တမ်း Video တွေထဲမှာ အသာတကြည် အဖမ်းခံသူများက အဖမ်းခံကြပေမယ့် အမျိုးသမီးကို ဖမ်းဆီးရာမှာ မျက်နှာဖုံးစွပ်ထားတဲ့ အရပ်ဝတ်ဖမ်းဆီးသူကို အမျိုးသမီးက ပြန်လည်ကိုက်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုအနည်းငယ်ဖြစ်ပေါ်ခဲ့ပါတယ် ။ ဘောင်းဘီဝတ်နဲ့ ထိန်းသိမ်းသူနဲ့ ထိုအမျိုးသမီးရဲ့ ရုန်းရင်းဆန်ခတ် ဖြစ်စဉ်အကြောင်းကို အွန်လိုင်းမှာ အွန်လိုင်းပေါ်မှာ သတင်းအမျိုးမျိုးပျံနှံလာခဲ့ပေမယ့် တကယ်တမ်းမှာ အကိုက်ခံရသူက ရဲမေတစ်ဦးဖြစ်နေခဲ့တာပါ ။ ဒဏ်ရာရသွားတဲ့ ထိုရဲမေဟာ ဆေးကုသမှုခံယူရမယ့် အခြေအနေဖြစ်နေတာကြောင့် အထက်လူကြီးများက ထောက်ပံ့မှုများပြုလုပ်ပေးခဲ့တယ်လို့ Popular journal ရဲ့ သတင်းတစ်ရပ်မှာအောက်ပါအတိုင်းဖော်ပြထားပါတယ် ။

မန္တလေးက အစိုးရဖြုတ်ချရေးဆိုတဲ့သပိတ်စခန်းအားဖျက်သိမ်းဆောင်ရွက်မှုမှာ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်စဉ် တန်ပြန်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ ရဲတပ်သားကို ဒီနေ့သြဂုတ် ၆ ရက် မနက်ပိုင်းက တိုင်းရဲ တပ်ဖွဲ့စခန်းမှာ ထောက်ပံ့ကူညီမှုတွေပေးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းက ရဲတပ်သားတစ်ဦး ပဲဖြစ်ပြီး ၄င်းအနေနဲ့ သပိတ်စခန်းဖျက်သိမ်းဆောင်ရွက်မှု မှာ သပိတ်မှောက်အမျိုးသမီးတစ်ဦးအား မော်တော်ယာဉ် ဆီ ဖမ်းဆီးခေါ်ဆောင်စဉ် အဆိုပါအမျိုးသမီးက သွားနဲ့ ကိုက်ခဲ့တာကြောင့် လက်ယာဘက်လက်ဖျံမှာ သွားကိုက် ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

သွားကိုက်ခံလိုက်ရတဲ့ရဲတပ်သားဟာ ပြင်ပသတင်းတွေမှာ ထွက်ပေါ်နေသလို ရဲဝန်ထမ်းအမျိုး သားတစ်ဦးမဟုတ်ဘဲ အမျိုးသမီးတစ်ဦးသာဖြစ်ပြီး သပိတ်စခန်းဖျက်သိမ်းဆောင်ရွက်ရာမှာ အခြားအမျိုးသမီး ရဲဝန်ထမ်း ၃ ဦးနဲ့အတူပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

၄င်းအနေနဲ့ ဆေးဝါးကုသမှုခံယူရမယ့်အခြေအနေဖြစ်နေ တာကြောင့်လည်း အခုလိုတာဝန်ရှိအထက်အရာရှိတွေက ကူညီပေးကြတာလို့လည်း သိရပါတယ်။

“ဆေးထိုးထားလို့ အရောင်တော့လျော့သွားပြီ၊ နောက် ၃ လလောက်နေရင်တော့ ဆေးစစ်ရမယ်လို့ ဆရာဝန်ကပြောတယ်" လို့ သွားကိုက်ခံရတဲ့ရဲတပ်သား ထားထားဦးက ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှု အပေါ် ပြန်ဖြေပေးပါတယ်။

၄င်းရဲ့ဆေးဝါးကုသမှုအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း) ဒုရဲမှူးကြီးတင်ဇော်ထွန်းက ငါးသောင်းကျပ်၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးမျိုးအောင်က ငါးသောင်းကျပ်၊ ချမ်းမြသာစည် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစံသူက သုံးသောင်းကျပ်၊ ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းစခန်းမှူးဒုရဲမှူးခင်မောင်ထွန်းက နှစ်သောင်းကျပ် စုစုပေါင်း တစ်သိန်းခွဲကျပ်တိတိ လတ်တလောကူညီထောက်ပံ့ပေးထားတယ် လို့လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ဆီကသိရပါတယ်။

သတင်းအရင်းမြစ် Popular , Photo - Thet Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။