ကိုယ့်မြန်မာလူမျိုးတွေ တိုင်းတစ်ပါးမှာ အလုပ်လုပ်ရင်း ဆင်းရဲပင်ပန်းကြီးစွာ ဒုက္ခရောက်နေတဲ့ သတင်းကြားရင် လူုတိုင်းစိတ်မကောင်းဖြစ်မိကြမှာပါ။

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် အယုဒ္ဓယမြို့မှာ ပန်းရန်လုပ်တဲ့ မြန်မာအလုပ်သမားတဦး ပြီးခဲ့တဲ့လက ဓာတ်လိုက်ခံရပြီးတဲ့နောက် ခုရက်ပိုင်းတွင်း လက်နှစ်ဖ က်လုံး ထပ်ဖြတ်ပစ်ရတော့မယ့်အကြောင်း ကာယကံရှင်က ဒီဗွီဘီ သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ် ပန်ခယ်ရွာသား အသက် ၃၀ ကျော်ရှိ စိုင်းထွန်းလှဟာ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့နယ်မှာ ပန်းရန်လုပ်ငန်း လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က လုပ်ငန်းခွင်မှာ ဝါယာကြိုး တက်နင်းမိတဲ့အတွက် ဓာတ်လိုက်ခံတာ ဖြစ်ပါတယ်။

သူဟာ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရခဲ့ပြီး အယုဒ္ဓယ ဆေးရုံမှာ တက်ရောက်ကုသပြီးတဲ့နောက် ဒဏ်ရာ မပျောက်ကင်းတဲ့အပြင် ခုရက်ပိုင်းတွင်းမှာ ဆရာဝန်က သူ့ကို လက်နှစ်ဖက် ဖြတ်ရတော့မယ်လို့ ပြောကြောင်း စိုင်းထွန်းလှက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က ကျနော်က ဆောက်လက်စ တိုက်နံရံကို ဆေးသုတ်ရတယ်ပေါ့၊ ဆေးသုတ်ပြီးတော့ ညနေ ၅ နာရီ အလုပ်သိမ်းပြီး ကျနော်က ကြိုးနဲ့ တိုက်နံရံကို တွယ်ပြီး ဆင်းလာခဲ့တယ်၊ အပေါ်က ကြိုးကိုပဲ သတိထားနေတော့ အောက်ကို မကြည့်မိဘူး၊ မြေကြီးပေါ် ခုန်ချလိုက်တဲ့ခါ ဝါယာကြိုး နင်းမိလို့ ခြေတောက်ရော လက်တွေရော တုန်ပြီး ကျဉ်လာတယ်၊ ပြီးတော့ တအားနာလာတယ်။ မလှုပ်နိုင်တော့ လုပ်ဖော်ကိုင်ဖက်တွေက ဆေးရုံပို့ပေးတယ်၊ ဆေးရုံမှာ ကျနော့်ကို ပုလင်းကြီး နေ့တိုင်းချိတ်ပေးတယ်။ ဒဏ်ရာတွေ ဆေးထည့်ပေးတယ်။ လက်တွေ ခြေတွေ လှုပ်လို့မရသေးဘူး။ အဲဒီမှာ သူငယ်ချင်းတွေလည်း ရေရှည်လူနာစောင့် မလုပ်နိုင်ဘူး၊ သူတို့လည်း အလုပ်သွားရမှာလေ၊ ဒါနဲ့ ကျနော့်ညီဝမ်းကွဲရှိတဲ့ ချင်းမိုင်ကို ပြောင်းလာပါတယ်၊ ချင်းမိုင် ဆွန်ဒေါက်ဆေးရုံရောက်တော့ လက်နှစ်ဖက် ဖြတ်ရမယ်လို့ ပြောပါတယ်ခင်ဗျ။ ဒီနေ့ ခွဲခန်းဝင်ရမယ်။”

သူဟာ ပတ်စပို့စ်စာအုပ်ရှိပေမယ့် အလုပ်သမားကတ် သက်တမ်းကုန်နေလို့ ဆေးရုံက ကျန်းမာရေး အာမခံငွေလည်း မရှိကြောင်း၊ အလုပ်ရှင်က အယုဒ္ဓယဆေးရုံမှာ ကုန်ကျခဲ့တဲ့ ဆေးကုသစရိတ် ဘတ်ငွေ ၈ သောင်းကျော်ကို ကုန်ကျခံပေးထားပြီး ဒီဆွန်ဒေါက်ဆေးရုံမှာလည်း ခွဲစိတ်ကုသခတွေ ပိုကုန်မှာဖြစ်ကြောင်း၊ သူလည်း နေ့စားအလုပ်သမားသာ ဖြစ်လို့ စုဆောင်းငွေ မရှိတဲ့အတွက် ဆက်လက်ကုသဖို့ရာ ဆေးဖိုး အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စိုင်းထွန်းလှရဲ့ ဇနီးဖြစ်သူမှာလည်း ကိုယ်ဝန် ၄ လ ရှိပြီဖြစ်ပြီး သူ့ကိုသာ မှီခိုစား သောက်နေကြောင်း၊ ခင်ပွန်းဖြစ်သူက အလုပ်မလုပ်နိုင်တော့တာမို့ လောလောဆယ် ကိုယ်ဝန်တဖက်နဲ့ အလုပ်ရှာနေဆဲဘဲလို့ သိရပါတယ်။

အလှူရှင်တွေအနေနဲ့ ဖုန်းနံပါတ် (ထိုင်းဖုန်း) ၀၉၄၇၃၅၁၃၁၄ နဲ့ ၀၈၄၆၇၅၉၀၃၉ ကို ဆက်သွယ်ကူညီနိုင်ပါတယ်နော်။ 

သတင်းအရင်းမြစ် DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။