ထိုင်းနိုင်ငံတွင် အိမ်ဖော်အဖြစ်လုပ်ကိုင်သည့် ၁၇ နှစ်အရွယ် ကရင်အမျိုးသမီးငယ်သည် မိမိကိုယ်ကို သေနတ်ဖြင့် သတ်သေခဲ့သည်ဟု မူလပထမက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ယခုအခါ  ထိုင်းအထူးစုံစမ်းရေး DSI က အဆိုပါကိစ္စကို ပြန်လည်စစ်ဆေးနေကြောင်းသိရသည်။ ထိုင်းနိုင်ငံ လပ်ဘူရီခရိုင် ဘန်ပုံနယ်မြေအတွင်းရှိ ထိုင်လူမျိုး သူဌေးတစ်ဦး၏အိမ်တွင် အိမ်အကူလုပ်နေသည့် ကရင်အမျိုးသမီးငယ်တစ်ဦး သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးမှုအပေါ် မိမိကိုယ်ကိုယ် သတ်သေမှုဖြင့် အမှုဖွင့်ထားခြင်းအား ထိုင်းအထူးစုံစမ်းရေး DSI က ပြန်လည်ကိုင်တွယ် စစ်ဆေးနေကြောင်း ထိုင်းအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAC ထံမှ သိရသည်။ထိုင်းလူမျိုး သူဌေးမတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ကိုင်သည့် ၁၇ နှစ်အရွယ် မညိုညိုအေးသည် ဦးခေါင်းနောက်ပိုင်း သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်က ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ဟုဆိုကာ ရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အလောင်းကို ထိုင်း-မြန်မာနယ်စပ်ရှိ သေဆုံးသူ၏ ဆွေမျိုးများထံသို့ သြဂုတ် ၈ ရက်က ပြန်လည်ပေးပို့ခဲ့ပြီး ထိုင်းဘတ်ငွေ ၅၀၀၀ အား ပေးအပ်ခဲ့ကြောင်း၊ ထိုသို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ “အမှုကိုတော့ ထိုင်းအထူး စုံစမ်းစစ်ဆေးရေး DSI က ပြန်ကိုင်တွယ် စစ်ဆေးနေတယ်။ လောလောဆယ် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နေရာမှာ သုံးခဲ့တဲ့သေနတ်ကို သေဆုံးတဲ့ကောင်မလေးကိုင်တာ ဟုတ်မဟုတ်ဆိုတာ DNA ပြန်စစ်ထားပါတယ်” ဟု AAC အဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ဦးကိုကိုနိုင်က ပြောကြားသည်။သေဆုံးသူ မညိုညိုအေး၏ မိခင်နှင့် အစ်မတို့မှာ ၎င်းတို့နေထိုင်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာတွင် မနေရဲတော့သဖြင့် AAC အဖွဲ့ရုံးခန်းတွင် ယာယီခိုလှုံနေရကြောင်း AACအထွေထွေတာဝန်ခံ ကိုရဲမင်းကပြောသည်။ 

ဒါ့အပြင် အမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကူညီပေးမည်ဟု ဆိုထားသော်လည်း လက်ရှိအချိန်အထိ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း AAC အဖွဲ့ အထွေထွေတာဝန်ခံ ကိုရဲမင်းက ပြောကြားသည်။“လောလောဆယ်တော့ ကောင်မလေးရဲ့ အမေနဲ့အစ်မတို့က ရွာမှာမနေရဲတော့တဲ့အတွက် ကျွန်တော်တို့ရုံးခန်းမှာ ယာယီလာရောက် ခိုလှုံနေရပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကူညီပေးမယ်လို့ ပြောထားပေမယ့် အခုထိတော့ ဘာမှမထူးသေးပါဘူး” ဟု ကိုရဲမင်းက ပြောကြားသည်။သေဆုံးသူ မညိုညိုအေးသည် အဆိုပါအိမ်တွင် အလုပ်လုပ်နေသည်မှာ သုံးနှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး သေဆုံးသူမှာ ဘယ်သန်ဖြစ်သော်လည်း ဦးခေါင်းညာဘက် အနောက်ပိုင်းတွင် သေနတ်ဒဏ်ရာမှာ နှစ်ချက်ဖြစ်နေသည့်အတွက် ပြန်လည်စုံစမ်း စစ်ဆေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သတင်းအရင်းမြစ် Eleven Media Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။