မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို သေချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ ကလေးသဘာဝ စပ်စပ်စုစု သွားတတ်မယ် ဆော့မယ် ဆိုတာကြောင့် မိဘတွေက ကိုယ့်ရဲ့ သားသမီးကို မျက်ခြေမပြတ်စောင့်ရှောက်ကြည့်ရှုဖို့လည်း အရေးကြီးလှပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှာ သြဂုတ်လ ၂၄ ရက်နေ့က အမြွှာကလေး ၂ ဦးဟာ မိခင်ဖြစ်သူ နေအိမ်မရှိခိုက် ဖခင် အိပ်ပျော်နေချိန် အိမ်ရှေ့ သောက်ရေကန်ထဲ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့တယ်လို့ အလှပ်ရဲကင်းစခန်းက ပြောပါတယ်။

အလှပ်ရဲကင်းစခန်းမှ စခန်းမှူးရဲအုပ်တင့်လွင်က “အမေဖြစ်သူက ငါး သွားရောင်းတဲ့အချိန် အိမ်မှာ ကလေးတွေကို ဖအေဖြစ်သူနဲ့ ထားခဲ့တာ။ မအေက ဈေးက ပြန်လာတော့ ကလေးတွေ မတွေ့လို့ ယောကျ်ားဖြစ်သူကို နှိုးပြီး လိုက်ရှာတာ။ ဖအေ အိပ်ပျော်နေချိန်မှာ ကလေးတွေက အိမ်ရှေ့ သောက်ရေကန်က တံတားပေါ်မှာ ကစားနေရင်း ပြုတ်ကျသွားတာ” လို့ ပြောပါတယ်။

အလှပ်ကျေးရွာနေသူ အသက် ၄၀ နှစ်အရွယ် မခင်မိုးဟာ ငါးရောင်းရာက ပြန်လာချိန် နေအိမ်မှာ ခင်ပွန်းဖြစ်သူနဲ့ ထားခဲ့တဲ့ အသက် ၂ နှစ်အရွယ် အာကာထွန်းနဲ့ အာကာထက်တို့ အမြွှာညီအကိုကို မတွေ့ရတာကြောင့် အိမ်ပေါ်မှာ အိပ်ပျော်နေတဲ့ ခင်ပွန်းဖြစ်သူ ဦးကွန်သားကို နှိုးပြီး ရှာဖွေခဲ့ကြရာမှာ နေအိမ်ရှေ့က သောက်ရေကန်ထဲမှာ ကလေး ၂ ဦးလုံး ခန္ဓာကိုယ်တခုလုံး ပြာနှမ်းလျက် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ် သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၄၂/၂၀၁၇ နဲ့ အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်းအရင်းမြစ် DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။