Lay ဟာ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီးတော့ အဖွဲ့နှင့်အတူ နှစ်အကြာကြီးအတူဖျော်ဖြေတာမျိုးမရှိခဲ့ပေမဲ့ အမြဲတမ်း EXO အကြောင်းကိုပြောလေ့ရှိသူဖြစ်ပါတယ်။ အဖွဲ့ကနေတရားဝင်ထွက်ခွာသွားပြီး လက်ရှိအချိန်မှာ ကိုယ်ပိုင်အေဂျင်စီလည်ပတ်နေပြီဖြစ်တဲ့ Lay ဟာ မကြာသေးခင်က အင်တာဗျုးတစ်ခုမှာ အဖွဲ့ဝင်တွေအကြောင်းကိုပြောခဲ့ပါတယ်။
Lay က သူ့အနေနှင့် EXO အဖွဲ့ဝင်တွေနှင့်အမြဲအဆက်အသွယ်ရှိကြောင်းအရင်ကလည်းပြောခဲ့ဖူးပါတယ်။ သူအများဆုံးဆက်သွယ်ဖြစ်သူကတော့ Chanyeol ဖြစ်ပြီးတော့ Chanyeol ဟာသီချင်းသစ်တွေထွက်တိုင်း သူ့ကိုအားပေးပြီးအကြံတွေပေးတတ်တယ်လို့ ပြောခဲ့တာပါ။ မကြာသေးခင်ကလည်း Lay ဟာ ပရိတ်သတ်တွေရှေ့မှာ Live လွှင့်ရင်း Chanyeol ကိုဖုန်းခေါ်ပြီးစကားပြောခဲ့ဖူးပါတယ်။
ပုံမှန်အားဖြင့် အဖွဲ့ကနေထွက်သွားတဲ့ အဖွဲ့ဝင်တွေဟာ ကျန်ခဲ့တဲ့သူတွေနှင့်ဆက်ဆံတာတွေသိပ်မရှိတတ်ပါဘူး။ အကြောင်းကတော့ ကုမ္မဏီရဲ့စည်းကမ်းသတ်မှတ်ချက်တွေအပြင် တစ်ခြားအကြောင်းအရာကန့်သတ်မှုတွေကြောင့် အခုလိုမျိုးလုပ်ဖို့ခဲယဥ်းပေမဲ့ ကိုယ်ပိုင်အေဂျင်စီတည်ထောင်ထားတဲ့ Lay အတွက်တော့ လွတ်လွတ်လပ်လပ်ဆက်သွယ်နေနိုင်တာဖြစ်ပါတယ်။