မတ်လ(၄)ရက်နေ့ မနေ့က မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်အချိန်၊ပုဂံတွင် ပြန်လည်ပြုပြင်ထားသော ဘုရား အပိုင်းများ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ပြိုကျပျက်စီးခဲ့တဲ့ ဘုရားစေတီ ကတော့ ပုဂံမြို့သစ် အနောက်မြောက်ဘက် စိမ်းညက်ညီအစ်မ ဘုရားစုရဲ့ အနောက်တောင်ဘက်ရှိ ဘုရားအမှတ် ၁ဝ၆၆ ဖြစ်ပြီး တိုက်မနံရံသုံးဖက် ပြိုကျမှုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘုရားအမှတ် ၁ဝ၆၆ကတော့ မုခ်တစ် ဖက်ပါ လိုဏ်ခံဘုရားတစ်ဆူဖြစ်ပြီး ၂၆ ပေပတ်လည်နှင့် အမြင့် ပေ ၄ဝ ခန့်ရှိတဲ့ ဂူဘုရားတစ်ဆူပဲ ဖြစ်ပါတယ်။ 

အဆိုပါ ဂူဘုရားကတော့ ၁၉၉၆ ခုနှစ်ခန့်က အသစ်ပြန်လည် ပြုပြင်ထားတဲ့ဘုရားတစ်ဆူဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ငလျင်ထိခိုက်မှုတွင်ပါဝင်ခဲ့တာကြောင့် တတိယဦးစားပေး ပြုပြင်ရမယ့် စေတီတစ်ဆူဖြစ်တယ်လို့ တာဝန်ရှိ လူကြီးများကပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ၎င်းဂူဘုရားတွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ခြင်း၊ အနောက် ဘက်နံရံ ကားထွက်ခြင်း၊ တိုက်မပေါင်းအမိုး အက်ကွဲခြင်း များ၊ ပစ္စယာဆင့်များပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ပျက်စီးမှုများကြောင့် ရေပိတ်လွှာလောင်းခြင်း၊ လေးပေ ထ နှစ်ပေ U Beam များဖြင့် တိုက်မနံရံများ၌ ပတ်၍ ထိန်းချုပ်ထားခြင်း၊ စတီးကြိုးခါးပတ် ပတ်ခြင်း၊ Grouting လောင်းခြင်း၊ အက် ကွဲကြောင်းများ အနားသိပ်ဆောင်ရွက်ခြင်း၊ ပစ္စယာအဆင့်များတွင် ရေပိတ် လွှာလောင်းခြင်းစတဲ့ အရေးပေါ် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ အဆိုပါ ဘုရားအမှတ် ၁ဝ၆၆ ရှိနံရံများ ပွင့်ထွက် ပြိုကျပျက်စီးကြောင်း သတင်းရရှိတာကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါဘုရားသို့ သွားရောက်စစ်ဆေးခဲ့ရာမှာတော့ တိုက်မပစ္စယာအထက်မှ နံရံ များပြိုပျက်လွင့်ကျခဲ့တာ ကိုတွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူတစ်ဦးကိုပြောပါတယ်။အဆိုပါပျက်စီးမှုများမှာတော့ နောက်ပိုင်း ပြန်လည်ပြုပြင်ထားတဲ့ အပိုင်းများသာ ပြိုကျခဲ့တာဖြစ်ပြီး ဘုရားတစ်ဆူလုံး ၇ဝ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့တာဖြစ်တာကြောင့် လက်ရှိမှာတော့ ပြိုကျသွားသော အစိတ်အပိုင်းများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်း များဆောင်ရွှက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။