မြန်မာ့ကျေးလက်ဒေသအလှကို ပြောပြတော့မယ်ဆိုရင် အညာမြေရဲ့ ထန်းပင်ထန်းတောကြီးတွေကတော့ မပါမဖြစ်ပါရမှာပဲဖြစ်ပါတယ်။ အဆိုပါ ထန်းပင်တွေအများဆုံးပေါက်ရောက်တဲ့ဒေသတွေထဲမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ကတော့ ထန်းပင်ပေါက်ရောက်မှုအများဆုံးဖြစ်ပြီး မြေဧက ၄၁၇၂ ဧကတွင် ထန်းပင်စုစုပေါင်း ၄၁၇၂၀၀ ရှိကြောင်းနှင့် ထန်းရည်ခံယူရရှိနေသည့် အပင် ပေါင်းမှာ ၂၅၀၃၂၀ ပင်ရှိပြီး ထန်းပင်အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။  

ကျန်သည့် ၄၀ ရာခိုင်နှုန်းဖြစ်သော ထန်းပင်ပေါင်း ၁၆၆၈၈၀ ပင်မှာ သက်တမ်းရင့်အပင်များ၊ အရွယ်မရောက် သေးသောအပင်များနှင့် ထန်းတက် ရန် ခက်ခဲမြင့်မားသော အပင်များဖြစ်ကြောင်း သိရပါတယ်။ ထန်းပင်တစ်ပင်၏ သက်တမ်းမှာ နှစ်ပေါင်း ၁၅၀ မှ ၂၀၀ အထိရှိကြောင်းနှင့် ထန်းတစ်ပင်၏ပျမ်းမျှအမြင့်မှာ ပေ ၆၀ မှ ပေ ၈၀ အထိရှိပြီး ထန်းပင်သည် သက်တမ်း နှစ် ၂၀ ရှိမှသာ ထန်းပွင့်၊ ထန်းခိုင်သီးပွင့်လာပြီး ထန်းရည်ထုတ် ယူရရှိနိုင်ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် လွန်ခဲ့သောနှစ် ၂၀ ဝန်းကျင်က စာရင်းဇယားများအရ ထန်းလုပ်ငန်း လုပ်ကိုင်သည့် ထန်းတောင်သူ ၇၁၀၀ ရှိခဲ့သော်လည်း ထန်းလုပ်ငန်းမှာ မိသားစုအလိုက် ပင်ပန်းဆင်းရဲပြီး ထန်းလျက် ဈေးနှုန်းမှာ ထိုက်သင့်သည့်အကျိုးအမြတ်ရရှိမှုမရှိခြင်း၊ ထန်းရာသီကာလ ရှစ်လအတွင်းသာ စားသောက်ဖြစ်ရုံဝင်ငွေရရှိနေပြီး ကျန်လေးလတွင် အလုပ် လက်မဲ့ဖြစ်ခြင်းတို့အပြင် ထန်းရာသီကာလတွင်လည်း ထန်းတောင်သူ မိသားစု မှာ တစ်နေ့လျှင် နှစ်ကြိမ် မိသားစုကုန် ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ရခြင်းတို့ကြောင့် လက်ဆင့်ကမ်းအမွေပေးခြင်းမရှိသလို လက်ဆင့်ကမ်းလုပ်ကိုင်လိုသူ မရှိခြင်းတို့ကြောင့် ထန်းလုပ်ငန်းလုပ်ကိုင်သူ တစ်နေ့တခြား နည်းပါးလာခဲ့ရာ ယနေ့အချိန်တွင် တစ်မြို့နယ်လုံး၏ ထန်းတောင်သူခန့်မှန်းစာရင်းမှာ ၁၂၀၀ ခန့်သာကျန်ရှိတော့ကြောင်း သိရပါတယ်။  

အဆိုပါ ထန်းပင်တွေကတော့ အညာဒေသ၏ ပြယုဒ်တစ်ခုဖြစ်သော်လည်း လုပ်ငန်း လုပ်ကိုင်သည့် ထန်းတောင်သူရှား ပါးလာခြင်းမှာ ထန်းပင်များခုတ်လှဲရောင်းချ ရန် တွန်းအားတစ်ခုဖြစ်နေပြီး အဆိုပါထန်းပင်မှ ထန်းရွက်ကို အိမ်မိုးခြင်း၊ ထန်းလက်အား ထန်းဖျာ၊ ထန်းခေါက်တောင်း၊ ကုလားထိုင် အစရှိသည့် အသုံးအဆောင် ပစ္စည်းများပြုလုပ်ခြင်းနှင့် ထန်းသားအားအဆောက်အအုံဆောက်လုပ်ရာတွင် သစ်အစားထိုးသုံးစွဲလာခြင်း၊ အဆင့်မြင့်ပရိဘောဂပစ္စည်း များ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် လက်ရှိ သက်တမ်းရင့်ထန်း ပင်များနှင့်အသုံးမပြု တော့သည့် ထန်းပင်များအား ခုတ်လှဲရောင်းချမှုများပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေထဲက ရှားပါးလာတဲ့ ထန်းတက်သမားတွေနဲ့ ထန်းပင်အချို့ပျက်ဆီးမှုအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

Source - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။