ရန်ကုန်တိုင်းအတွင်း အကြွေရှားပါးမှုပြဿနာပြေလည်စေရန် အကြွေ ကျပ်(၁၈)ဘီလီယံခန့်ကို ယခု သြဂုတ်လတွင် အစိုးရ ဝန်ထမ်းများလစာပေးရာတွင် ထည့်သွင်းပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်သန်း က ပြောသည်။

တိုင်းအတွင်းရှိမြန်မာ့စီးပွားရေးဘဏ်ခွဲ(၃၃)ခုတွင် လစာထုတ်ယူမည့်ဝန်ထမ်း(၂၃၀၀၀၀)ခန့်ကို လစာပေးရာတွင် ကျပ်တစ်ရာတန်၊ နှစ်ရာတန်၊ ငါးရာတန် အကြွေများထည့်ပေးမည်ဖြစ်ကြောင်း၊ ဦးအောင်ကျော်သန်းက ပြောသည်။  

ဝန်ထမ်းတစ်ဦးလျှင် ကျပ်တစ်ရာတန်(၁၀၀၀၀)ဖိုး၊ နှစ်ရာတန်(၂၀၀၀၀)ဖိုး၊ ငါးရာတန်(၅၀၀၀၀)ဖိုး တစ်အုပ်နှုန်းစီဖြင့် စုစုပေါင်း ရှစ်သောင်းကျပ်ကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း ဦးအောင်ကျော်သန်းက ပြောကြားသည်။ ဗဟိုဘဏ်အနေဖြင့် ၂၀၀၉ ဇူလိုင်လတွင် ရန်ကုန်တိုင်းရှိမြန်မာ့စီးပွားရေးဘဏ်(၁၅)ခုနှင့် ၂၀၁၁ ဇူလိုင်လတွင် ပုဂ္ပလိကဘဏ်နှင့်ဟောင်းနွမ်းငွေစက္ကူများကို တန်ဖိုးတူငွေစက္ကူသစ်များနှင့်လဲလှယ်ပေးရေး စီမံချက်(၂)ခုကို ဆောင်ရွက်ခဲ့ကြောင်း၊ (၅၀)တန်မှ(၅၀၀) တန်အထိ ငွေအကြွေများကို တစ်ဘဏ်လျှင် ကျပ်(၆)သန်းနှုန်း လစဉ်ခွဲတမ်းထုတ်ပေးခဲ့ကြောင်းဆိုသည်။

ဗဟိုဘဏ်က ငွေကြေးများကို အသစ်ရိုက်နှိပ်ထုတ်ဝေမှုနည်းသဖြင့် အကြွေရှားပါးရခြင်း မဟုတ်ကြောင်း၊ ဗဟိုဘဏ်တွင်ငွေစက္ကူအလုံအလောက်ရှိကြောင်း ဆိုသည်။

YBS စနစ်ပြောင်းလဲချိန်တွင် YBS ယာဉ်များ၏ ယာဉ်စီးခအပ်နှံငွေများလက်ခံနေသည့် ဧရာဝတီဘဏ်ကို တစ်ရာတန်၊ နှစ်ရာအကြွေများ တာဝန်ယူထုတ်ပေးရန်နှင့် လိုအပ်သည့် ငွေစက္ကူသစ်များကို ဗဟိုဘဏ်က ထုတ်ပေးမည်ဟု ဦးအောင်ကျော်သန်းကပြောသည်။ 

လက်ရှိတွင် သြဂုတ်(၁၁)ရက် အထိ ဧရာဝတီဘဏ်သို့ YBS ဝန်ဆောင်မှုအတွက် တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန် စုစုပေါင်း ကျပ်သိန်း(၅၆၀)ထုတ်ပေးခဲ့ကြောင်း၊ ထို့ပြင် YBS ယာဉ်လိုင်းကုမ္ပဏီ Omni Focus ကုမ္ပဏီအတွက် သြဂုတ်လ ဒုတိယပတ်အထိ အကြွေ(၂၇၃)သိန်း နှင့် YUPT ကုမ္ပဏီအတွက် အကြွေ(၇)သိန်းခန့် လဲလှယ်ပေးခဲ့ကြောင်းပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနသို့ ကျပ်(၅၀)တန် မှ (၅၀၀)တန်အထိ အကြွေများကို ကျပ်သန်း(၆၀)ဖိုးခန့် လစဉ် လဲလှယ်ပေးနေကြောင်း သိရသည်။ ရန်ကုန်မြို့အများပြည်သူများအနေဖြင့် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ(YUPT)က ၎င်းတို့၏ယာဉ်လိုင်းများတွင် တစ်ရက်လျှင် အကြွေ ကျပ်သိန်း(၆၀၀) ခန့်ရရှိပြီး ယင်းအကြွေများကို အပိုကြေးပေးရန် မလိုပဲ လဲလှယ်နိုင်ကြောင်း ကြေညာထားသည်။ 

သတင်းအရင်းမြစ် YBS Yangon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။