စိတ်ဖိအားကိုစီမံခန့်ခွဲခြင်းဆိုတာ ကိုယ်တိုင်တောင်မသိတဲ့စိတ်ဖိအားတွေကို သိအောင်လုပ်ပြီး ပြေပျောက်သွားအောင်ဖြေရှင်းရခြင်းဖြစ်ပါတယ်။ အရင်ဆုံးဒီလိုလုပ်ဖို့အတွက်ဆိုရင် ရှိနေတဲ့ဖိအားတွေကိုအသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့် ဒီလိုစိတ်ဖိစီးရတယ်ဆိုတဲ့အကြောင်းကိုပါ သိအောင်လုပ်ရပါမယ်။
အကြောင်းရင်းကိုသိပြီဆိုရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုစဥ်းစားထားရပါမယ်။ နည်းလမ်းတွေကိုစဥ်းစားတဲ့အချိန် တစ်ခုထဲမဟုတ်ဘဲ နည်းလမ်းတွေအများကြီးကိုစဥ်းစားထားရပါမယ်။ ဒီလိုစဥ်းစားထားမှသာ အသုံးဝင်ပြီး တစ်ကယ်အသုံးချနိုင်မယ့်နည်းလမ်းကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်။ နည်းလမ်းသိသွားပြီးဆိုရင် စိတ်ဖိအားဖြစ်နေတာကို ဖြေရှင်းပြီးတော့ တူညီတဲ့ဖိအားကိုလက်ခံနိုင်မယ့် ခံနိုင်စွမ်းကိုတည်ဆောက်ဖို့လိုအပ်ပါတယ်။
ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲတာ ဒါမှမဟုတ် စိတ်ဖိအားဖြစ်စေတဲ့အရာတွေကိုဖယ်ရှားပစ်တာမျိုးကလည်း တစ်ခါတစ်လေမှာလုပ်ကိုလုပ်သင့်တဲ့အရာတွေဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့်ကိုယ်ကိုယ် ဖိအားတွေနှင့်ရင်ဆိုင်တတ်လာအောင်နှင့် ကြုံတွေ့လာရရင် ဘယ်လိုကျော်လွှားရမယ်ဆိုတာတွေကို လေ့ကျင့်ပေးဖို့လည်း လိုအပ်ပါတယ်။