မ‌ီးရထားအချက်ပြအဖြစ် ကိုးနှစ်တိုင်တိုင် အလုပ်လုပ်ခဲ့တဲ့ မျောက်ကလေးတစ်ကောင် အကြောင်း

//s9.kh1.co/c9/c9ea9bce15bd6fe235d8e3875649826e2adabcda.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမယ့် အကြောင်းကတော့ မျောက်လေးတစ်ကောင် အကြောင်းပဲဖြစ်ပါတယ်။ အဲ့အတွက်ပထမဆုံး ဂျိန်းစ်ဂျန်ပါဆိုတဲ့ မီးရထားဝန်ထမ်းတယောက်ကနေ စပြောရမှာပါပဲ။ သူဟာ ရထားတွဲ တစ်တွဲကနေတစ်တွဲ ခုန်ကူးတတ်တဲ့အကျင့် ရှိတဲ့သူပါ။ ၁၈၇၇ ခုနှစ်ရဲ့နေ့တနေ့မှာ ဂျန်ပါ တယောက်အဲ့လိုပဲခုန်ကူးရင်း ရထားအောက်ကိုချော်ကျသွားခဲ့ပါတယ်။ ကံကောင်းလို့အသက်မသေခဲ့ပေမယ့် ခြေထောက်နှစ်ဖက်လုံးကို ဒူးခေါင်းကနေပြီးရထားဖြတ် ကြိတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ဂျန်ပါဟာ မျောက်လေးဂျက်ကို ဈေးတခုကနွားလှည်းမောင်းတဲ့နေရာမှာ ကူညီပေးနေတာကိုတွေ့ခဲ့ပါတယ်။ သူဟာမျောက်လေးရဲ့ဉာဏ်ရည်ကိုစိတ်ဝင်စားသွားပြီး သူ့ရဲ့အကူအဖြစ်ငှားရမ်းအသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့မျောက်လေးဂျက်လည်း ဂျန်ပါနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဂျက်ဟာရထားဆစ်ဂနယ်တွေ အဖွင့်အပိတ်လုပ်ဖို့သင်ကြားခဲ့ပြီး ဂျန်ပါရဲ့အလုပ်မှာ မြန်မြန်ဆန်ဆန်ပဲ ကူညီနိုင်ခဲ့ပါတယ်။ ဂျန်ပါဟာ လက်ချောင်းတချောင်း (သို့) နှစ်ချောင်းစသဖြင့််ထောင်ပြခြင်းအားဖြင့် ရထားဆစ်ဂနယ်တွေကိုခွဲခြားလို့ရအောင် ဂျက်ကိုသင်ပေးခဲ့ပါတယ်။ ဂျက်ကလဲ လက်ချောင်းတွေကိုကြည့်ပြီး ဘယ်လီဗာကိုဆွဲရမလဲဆိုတာကို ကောင်းကောင်းသင်ယူနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=346,q=100/93/93fb73fa862efaef2c8dea50774df38f221109b8.jpg
https://s9.kh1.co/__image/w=650,h=345,q=100/55/556596addff513e616925594adb71c92aa8a43f1.png

ဒီလိုနဲ့သူဟာနာမည်ကျော်လာခဲ့ပြီး ကိပ်တောင်းမြို့ပတ်ဝန်းကျင်ကလူတွေဆို သူအလုပ်လုပ်နေတာကိုလာထိုင်ကြည့်ကြတဲ့အထိပါပဲ။ ဒါပေမယ့် လူတချို့ကတော့ မျောက်တစ်ကောင်လက်ထဲ ဒီအလုပ်အပ်ထားတာကို စိုးရိမ်ကြပါတယ်။ ဒီလိုနဲ့ ဂျန်ပါနဲ့ဂျက်တို့ဟာ ရထားအာဏာပိုင်တွေထံ တိုင်ခံထိပါတော့တယ်။ မန်နေဂျာဖြစ်သူဟာ တိုင်ကြားမှုကိုလက်ခံရရချင်းပဲ ဂျန်ပါနဲ့ဂျက်တို့ကို အလုပ်ထုတ်ဖို့ ဘူတာရုံကိုချက်ချင်းသွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဂျန်ပါဟာ ဂျက်ရဲ့ကျွမ်းကျင်မှုကို တစ်ခါလောက်တော့ စစ်ဆေးကြည့်ဖို့ သူ့ကိုအသနားခံခဲ့ပါတယ်။ မျောက်လေးဂျက်ဟာ ဂျန်ပါပြောတဲ့အတိုင်းလုပ်နိုင်မှာမဟုတ်လောက်ဘူးလို့ထင်တဲ့ မန်နေဂျာဟာ တောင်းဆိုမှုကိုလက်ခံံခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=345,q=100/fc/fc5f2bf64a9e94103136978a0df6455fb9bfa537.jpg

သူဟာအင်ဂျင်နီယာတယောက်ကို ရထားဥြသသံပေးဖို့ ညွှန်ကြားလိုက်ပြီး စောင့်ကြည့်တဲ့အခါ အံ့အားသင့်စရာပဲ ဂျက်ကဆစ်ဂနယ်တွေကိုမှန်ကန်စွာ ပြောင်းလဲနိုင်တာကိုတွေ့ခဲ့ရပါတယ်။ ပြီးတော့ဂျက်ဟာသူ့ရဲ့လုပ်ဆောင်ချက်မှန်ကန်သွားပြီလို့ မသေချာမချင်း ရထားကိုလုံးဝမျက်ခြေပြတ်မခံဘဲ ဂရုစိုက်တာကိုတွေ့ခဲ့ရပါတယ်။ နောက်ဆုံးတော့မန်နေဂျာဟာ ကျေနပ်သွားခဲ့ပြီး ဂျန်ပါဟာလဲအလုပ်ထုတ်မခံရတော့ပါဘူး။ ဂျန်ပါဟာ ဂျက်ကိုတရားဝင်အလုပ်သမားဖြစ်အောင်ကြိုးပမ်းနိုင်ခဲ့ပြီး ဂျက်ဟာ တစ်ရက်ကို ၂၀ ဆင့်နဲ့ တစ်ပတ်ကို ဘီယာဗူးတစ်ဝက် လုပ်အားခအဖြစ် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဂျက်ဟာ နောက်ထပ်ကိုးနှစ်တိုင်တိုင် ဒီအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး အမှားတခုတောင်ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ သိခဲ့ရပါတယ်။ ကိုးနှစ်ကြာတဲ့နောက်မှာတော့ ဂျက်ဟာတီဘီရောဂါနဲ့ဆုံးပါးခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့ဦးခေါင်းခွံကိုတော့ တောင်အာဖရိကနိုင်ငံ ဂရေဟမ်စတောင်းမြို့က အယ်ဘေနီပြတိုက်မှာ ပြသထားတယ်လို့သိရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=479,q=100/0a/0a66338ecf0f7df062456092191a7c7baa82fdca.jpg
https://s9.kh1.co/__image/w=650,h=346,q=100/93/93fb73fa862efaef2c8dea50774df38f221109b8.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T