နေ့စဉ်ဘဝကို လှုပ်ရှားရုန်းကန်ရှင်သန်နေသူတွေမှာ စိတ်ဖိစီးမှုတွေတော့ အနည်းနဲ့ အများဆိုသလို ခံစားကြရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးကြသလို တစ်ခါတစ်လေမှာ ဘာတွေဘယ်လိုဖြစ်မှန်းမသိတော့လောက်အောင် စိတ်ဖိစီးတတ်ကြပါတယ်။ မိသားစုကိစ္စမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားကြားမှာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလာရင် အားလုံးကို ခဏမေ့ပြီး အနားယူလိုက်တာ အကောင်းဆုံးပါပဲ။ စိတ်ဖိစီးမှုများနေတဲ့အကြောင်းကို ပြနေတဲ့လက္ခဏများကို တင်ပြပေးလိုက်ပါတယ်။

၁။ အိပ်မပျော်ဘူး။

စိတ်ဖိစီးမှု၊ ပူပန်သောကတွေက အိပ်ပျော်ဖို့ ခက်ခဲစေတယ်။ ဦးနှောက်ထဲမှာ အတွေးတွေနဲ့ ရှုပ်ထွေးလွန်းတဲ့အခါ စိတ်အေးလက်အေး အိပ်ပျော်ဖို့ ခက်ခဲပါတယ်။

၂။ အမြဲတမ်းနေမကောင်းဘူး။

လွယ်လွယ်ကူကူနဲ့ ဖျားနာတယ်။ အအေးမိ၊ ကိုယ်ပူ စတဲ့ ဗိုင်းရပ်စ်တွေ ကူးစက်လွယ်လာတယ်။ စိတ်ဖိစီးမှုဟာ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း အားနည်းစေတာကြောင့် အလွယ်တကူ နာဖျားလွယ်နေတာပါ။ ပြီးတော့ အဖျားပျောက်ဖို့လည်း ကြာတတ်ပါတယ်။

၃။ မောပန်းနုံးချိတယ်။

တစ်နေ့ကို ၈ နာရီ လုံလုံလောက်လောက်အိပ်ခဲ့ပေမဲ့ အိပ်ရေးမဝသလို ခံစားနေရတယ်။ မောပန်းနုံးချိနေတာပဲ။ ဘာကြောင့်လဲဆိုရင် စိတ်ဖိစီးမှုကိုပဲ လက်ညှိုးထိုးရမယ်။ စိတ်ထောင်းကိုယ်ကြေဆိုတာမျိုး ဖြစ်နေတာပါ။ လူက ကျန်းမာပေမဲ့ စိတ်ကချူချာတော့ အားမရှိသလိုပဲ ခံစားနေရပါတယ်။

၄။ ကြွက်သားနာကျင်တောင့်တင်းမှု။

နေ့တိုင်းလိုလို အနှိပ်ခံချင်နေမိတယ်။ ဘာမှမလုပ်ရသေးဘဲနဲ့ကို ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပါ။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ကြွက်သားတွေနဲ့ အာရုံကြောတွေကို သက်ရောက်မှုဖြစ်တာကြောင့် တောင့်တင်းနာကျင်မှုကို ခံစားရပါတယ်။

၅။ ခဏခဏခေါင်းကိုက်တယ်။

မကြာခဏဆိုသလို ခေါင်းကိုက်နေတာကိုပါ ခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့စိတ်ဖိစီးမှုက အတော်ဆိုးနေပါပြီ။ ခေါင်းကိုက်တာက နာရီဝက်လောက်လည်း ကြာတတ်သလို ရက်ဆက်ကိုက်တာလည်း ဖြစ်တတ်ပါတယ်။ နဖူးတစ်ဝိုက်မှာ ဖိအားသက်ရောက်မှု ခံစားနေရတာ၊ ဦးခေါင်းနောက်ပိုင်းက ကိုက်ခဲတာ စသဖြင့် ခံစားရတယ်ဆိုရင်တော့ အနားယူလိုက်ဖို့ပဲ ရှိပါတော့တယ်။

Source - ကျန်းမာရေး ဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။