ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့့ အိန္ဒီယစစ်တပ်က ကြိုတင်ဖြစ်လာနိုင်ချေရှိတဲ့ စစ်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ အိန္ဒိယနိုင်ငံအနေဖြင့် သူ၏ အင်အားကို ထုတ်ပြနေသော တရုတ်နှင့်လည်းကောင်း၊ ပြန်လည်သင့်မြတ်ရန် မျှော်လင့်ချက် အနည်းငယ်သာရှိသော ရေရှည်ရန်သူတော် ပါကစ္စတန်နှင့်လည်းကောင်း စစ်မျက်နှာနှစ်ခု ရှိနိုင်ခြေအတွက် ပြင်ဆင်ထားသင့်သည်ဟု အိန္ဒိယ စစ်တပ်အကြီးအကဲက စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယ ဗိုလ်ချုပ်ကြီး ဘီပင်ရာဝက်က လွန်ခဲ့သည့်သီတင်းပတ်တွင် ပြီးဆုံးခဲ့သော ဟိမဝန္တာဒေသ၌ တရုတ်စစ်တပ်နှင့် မကြာသေးမီက သီတင်း ၁၀ ပတ်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရမှုကို ရည်ညွှန်းပြောဆိုခဲ့သည်။

သူက ယင်းအနေအထားသည် အိန္ဒိယမြောက်ပိုင်းနယ်စပ်၌ ပိုမိုကြီးမားသော ပဋိပက္ခ တစ်ရပ်အဖြစ်သို့ ရုတ်ခြည်း ကြီးထွားပြင်းထန်လာသည်ဟုလည်း ပြောကြားခဲ့သည်။ ရာဝက်က အနောက်ဘက်မျက်နှာရှိ ပါကစ္စတန်တို့သည် ယင်းအနေအထားကို အခွင့်ကောင်းယူနိုင်သည်ဟု ဆိုသည်။ Press Trust of India သတင်းဌာနက နယူးဒေလီအခြေစိုက် အကြံပေးအဖွဲ့ဖြစ်သော မြေပြင် စစ်ရေးလေ့လာရေးဌာနက ကြီးမှူးသည့် ဆွေးနွေးပွဲတစ်ရပ်၌ ပြောကြားခဲ့သည့် ရာဝက်၏ မှတ်ချက်ကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသည် ၁၉၆၂ ခုနှစ်တွင် တရုတ်နှင့် စစ်ပွဲတစ်ပွဲဖြစ်ပွားခဲ့သည်။ အိန္ဒိယသည် ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူပြီးနောက် ပါကစ္စတန်နှင့် စစ်ပွဲသုံးကြိမ် ဖြစ်ပွားဖူးသည်။

ယင်းတို့အနက် နှစ်ကြိမ်သည် ကက်ရှ်မီးယားဒေသကို ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဖြစ်သည်။တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် သုံးနိုင်ငံစလုံးသည် နျူကလီးယားလက်နက် ကိုယ်စီရှိကြသော နိုင်ငံများဖြစ်ကြသည်။ ရာဝက်က ယုံကြည်ရသည့် အဟန့်အတားကလည်း စစ်ပွဲဖြစ်ပွားရန် ခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းမပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရာဝက်က “နျူကလီးယားလက်နက်တွေဆိုတာ ဟန့်တားမှုနဲ့ပတ်သက်တဲ့ လက်နက်တွေပါ။ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေက စစ်ပွဲကို တားဆီးနိုင်တယ် ဒါမှမဟုတ် နိုင်ငံတွေကို စစ်ပွဲဆီရောက်ဖို့ ခွင့်မပြုဘူးဆိုတာတွေက ကျွန်တော်တို့ ဆက်စပ်စဉ်းစားမှုအရ မမှန်နိုင်ပါဘူး” ဟု ရာဝက်က ပြောကြားခဲ့သည်။

Source - Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။