သြဂုတ်လ ၂၆ရက်နေ့တုန်းက ဟာဗေးမုန်တိုင်း (Hurricane Harvey) ကြောင့် တက္ကဆက်ပြည်နယ် (Texas) နဲ့ လူဝီစီယားနားပြည်နယ် (Louisiana) တွေမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူ (၇၁) ဦး သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၂သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ စက်တင်ဘာလ ၆ရက်နေ့တုန်းက ဟာရီကိန်းမုန်တိုင်းအာမာ (Hurricane Irma) ဟာ ကာရစ်ဘီယံကျွန်းစုတွေကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ (၁၄) ဦးထက်မနည်း သေဆုံးပြီး (၁၁၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် (Florida) ကို ဦးတည်နေပြီး တစ်နာရီမှာ ၁၅၅မိုင်နှုန်းနဲ့ တိုက်ခတ်နေတယ်လို့ သိရပြန်ပါတယ်။ ဒါ့ကြောင့်လည်း ဒေသခံပြည်သူတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးကင်းရာအရပ်ကို ထွက်ပြေးကြပါတယ်။

အမေရိကန်အစိုးရဟာလည်း ကပ်ဘေးဆိုက်ရောက်လာမှုကို ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ တတ်အားသရွေ့ ကူညီခဲ့ပါတယ်။ အခုဆိုရင် အမေရိကန် သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဂျင်မီကာတာ (Jimmy Carter) ၊ ဂျော့အိတ်ချ်ဒဘလူဘွတ်ရှ် (George H.W. Bush) ၊ ဘီလ်ကလင်တန် (Bill Clinton) ၊ ဂျော့ဒဘလူဘွတ်ရှ် (George W. Bush) နဲ့ ဘားရက်အိုဘားမား (Barack Obama) တို့ပူးပေါင်းပြီး ဟာဗေးမုန်တိုင်းသင့်ခဲ့တဲ့ တက္ကဆက်ပြည်နယ်နဲ့ လူဝီစီယားနားပြည်နယ်၊ အာမာဟာရီကိန်းမုန်တိုင်း သင့်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်မှ ဒုက္ခသည်တွေကို ကူညီ စောင့်ရှောက်ပေးဖို့ “One America Appeal” ဆိုတဲ့ ဖောင်ဒေးရှင်းကို ကြာသပတေးနေ့က တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ စေတနာရှင်တွေအနေနဲ့ အွန်လိုင်းကနေ One America Appeal ဝက်ဘ်ဆိုက်မှာ ထည့်ဝင်နိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ သမ္မတကြီး ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း.....

“မိုးသည်းပါစေ၊ လေထန်ပါစေ ဘယ်လိုစိန်ခေါ်မှုမျိုးမဆို ကျော်လွှားရမှာပေါ့။ One America Appeal အတွက် သမ္မတတွေနဲ့အတူ ရှိနေမှာပါ” လို့

သူ့ရဲ့တွတ်တာကနေ ရေးသားခဲ့ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေခြင်းမရှိတော့ပေမယ့် နိုင်ငံအတွက် လိုအပ်လာတဲ့အချိန်ဆို အရေးကြီးရင် သွေးနီးတတ်တဲ့ သမ္မတဟောင်းကြီး (၅) ဦးရဲ့ စိတ်ဓာတ်ကတော့ လေးစားဖွယ်ပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-အခရာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။