ဒိန်ချဉ်ဆိုတာက လူကြိုက်များသလို ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ တန်ဆေးလွန်ဘေးမို့ အလွန်အကျွံစားလျှင်တော့ ကျန်းမာရေး ထိခိုက်နိုင်ပေမဲ့ ပုံမှန် စားသုံးမယ် ဆိုရင်တော့ နေ့စဉ် စားသုံးသင့်တဲ့ အစားအသောက်ထဲမှာ ပါ၀င်ပါတယ်။ ဒိန်ချဉ်ကို သောက်သုံးရုံ အပြင် အလှအပနဲ့ ပတ်သက်ပြီးတော့လည်း များစွာ အသုံးပြုလို့ရပါတယ်။ မျက်နှာ၊ ဆံပင်၊ ခန္ဓာကိုယ် အသားအရေ တို့ကို ဒိန်ချဉ်နဲ့ ပေါင်းတင်းခြင်း၊ ချေးချွတ်ခြင်း စသည်တို့ ပြုလုပ်နိုင်တာကြောင့် ဒိန်ချဉ်က ခန္ဓာကိုယ် တစ်ခုလုံး အတွက် အသုံဝင်ပါတယ်။ 

ဒါ့ကြောင့် အသုံးဝင်လှတဲ့ ဒိန်ချဉ်ကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်မဲ့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပါ၀င်ပစ္စည်းအပြင် ပြုလုပ်ပုံ အဆင့်ဆင့်ကလည်း လွယ်ကူလွန်းလှတာကြောင့် မဖြစ်မနေ အိမ်မှာ စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ပါ၀င်ပစ္စည်းများ -

- နွားနို့ ၂ လီတာ (ရေသန့် ဗူးကြီး ၂ဗှူး)

- ဒိန်ချဉ် တစ်ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်ပုံ အဆင့်ဆင့်

- နွားနို့ကို အိုးထဲထည့်ပြီး ကျိုပါ။ သကြား၊ ဆား ဘာမှ မထည့်ဘဲ နွားနို့ သက်သက်သာ ကျိုပါ။ အပူ မပြင်းဖို့နဲ့ မပြတ် မွှေပေးဖို့တော့ မမေ့ပါနဲ့။

- မိနစ် ၂၀ ခန့် ကျိုချက်ပြီးနောက် အနည်းငယ်မျှ အအေးခံထားပါ။

- ထို့နောက် ဒိန်ချဉ်တစ်ဇွန်းကို နွားနို့အိုးထဲသို့ ထည့်၍ သမအောင် မွှေပါ။ (ခွက်တစ်ခုထဲသို့ ဒိန်ချဉ်နှင့် နွားနို့ အနည်းငယ်ထည့်ပြီး သမအောင် မွှေပြီးမှ နွားနို့အိုးထဲ ပြန်ထည့်မွှေလျှင် ပိုပြီး သင့်တော် လွယ်ကူပါလိမ့်မည်။)

- ထိုနောက် ပလပ်စတစ်ဗူးထဲသို့ ထည့်ပြီး ၁၈ နာရီမျှ အဖုံးလုံအောင် ပိတ်ထားပါ။ (မည်သည့် အဖုံးပါသည့် ခွက်မဆို ရသော်လည်း အတွေ့အကြုံအရ ပလပ်တစ်ဗူးကသာ ဒိန်ချဉ်ပြုလုပ်ရန် အကောင်းဆုံး ဖြစ်ပါတယ်။) မြေအိုးကိုလည်း အသုံးပြုနိုင်ပါတယ်။ အဖုံးလုံအောင် ဖုံးဖို့တော့ မမေ့ပါနဲ့နော်။

အခုဆိုရင်တော့ ဒိန်ချဉ် ပြုလုပ်နည်း ပြီးဆုံးပါပြီ။ သောက်သုံးဖို့အတွက်ပဲဖြစ်ဖြစ်၊ အလှအပ အတွက် အသုံးပြုဖို့အတွက်ပဲဖြစ်ဖြစ် သန့်ရှင်းလတ်ဆတ်သော ဒိန်ချဉ် ရရှိပြီ ဖြစ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော် …

Source: YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။