မြင်းခွာရွက်ကို တို့စားခြင်း၊ သုပ်စားခြင်း၊ မုန့်နှစ်ဖြင့် ကြော်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်း စသည်တို့ ပြုလုပ်ပြီး စားသုံးလေ့ ရှိကြပါတယ်။ ဒါ့အပြင် မြင်းခွာရွက်က အာဟာရ ပြည့်ဝရုံသာမက ဆေးအာနိသင်အစွမ်းလည်း ထက်လှပါတယ်။

မြင်းခွာရွက်တွင် ခါးသက်သော အရသာ အနည်းငယ် ပါ၀င်ပါတယ်။ မြင်းခွာရွက်က ထမင်းကို စားမြိန်စေတယ်။ ခံတွင်းပျက်နေသူများအတွက် ခံတွင်းကောင်းစေတယ်။ မြင်းခွာတွင် မြင်းခွာကြီးနှင့် မြင်းခွာသေးတို့ ရှိပါတယ်။ မြင်းခွာကြီးက အရေပြားကို အထူး အကျိုးပြုပြီး မြင်းခွာသေးမှာ အကြောနှင့် ချဉ်ဆီကို အကျိုးပြုပါတယ်။ 

မြင်းခွာကြီးက အေးခါးသော အရသာရှိတယ်။ ဆီးရွှင်စေတယ်။ အရေပြားရောဂါကို ပျောက်ကင်းစေတယ်။ သွေးအားနည်းရောဂါ၊ ထိခိုက်ရှနာ ဒဏ်ရာ၊ ရောင်တင်းသော ရောဂါ၊ မှတ်ဉာဏ်အားနည်းသော ရောဂါ၊ ဆီးရောဂါများကို သက်သာ ပျောက်ကင်းစေပါတယ်။ မြင်းခွာရွက်သေးက အစာကို ကြေစေတယ်။ ခံတွင်းမြိန်စေတယ်။ ဉာဏ်ကောင်းစေတယ်။ အင်အားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဆီးချုပ် ၀မ်းချုပ်၊ မီးယပ်သွေးလွန်၊ ၀မ်းကိုက်ရောဂါ စသည်တို့ကို ပျောက်ကင်းစေပါတယ်။ 

မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ် သောက်သုံးပေးပါက ခွန်အားကို ဖြစ်စေတယ်။ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဆီးတွင် သွေးပါခြင်းတို့အတွက် မြင်းခွာရွက် ဖျော်ရည်ကို သောက်ပေးပါက သက်သာစေပါတယ်။ မြင်းခွာရွက်ကို ငရုပ်ကောင်း၊ ပျားရည်တို့နှင့် စပ်၍ သောက်သုံးပေးပါက ကျန်းမာစေပါတယ်။ မြင်းခွာရွက်ကို နေပူတွင် အခြောက်ခံပြီး အမှုန့်ပြုလုပ်၍ ပျားရည်နှင့်အတူ ရောစပ်ကာ ညအိပ်ရာဝင်တွင် လျက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

မြင်းခွာရွက်က အရသာရှိရုံသာမက ကျန်းမာရေးအတွက်ပါ များစွာ အသုံးဝင်စေပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့ဆေးမြီးတိုများ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။