ထူးထူးခြားခြားအနေနဲ့ တစ်ခါမှစားနေကျမဟုတ်တဲ့ မြိတ်ကတ်ကြေးကိုက်လေး စားကြမယ်ဆိုရင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာဖော်ပြပေးမယ်နော်.

မြိတ်ကက်ကြေးကိုက်………

ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီး လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီး ချက်ကြပါတယ်။ ဒီချက်နည်းလေးကတော့ အလွယ်တကူ ချက်စားလို့အဆင်ပြေစေတဲ့နည်းလေးဖြစ်ပါတယ်။

ချက်နည်းလေးကို ကြည့်ရအောင်…

ပါ၀င်သောပစ္စည်းများ

• ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား

• ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ)

• ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီးမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီးလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)

• ဂဏန်းချောင်း – ရချောင်း (အစောင်းပါးပါးလှီးပါ)

• ကမာ –(၇)ကောင် (ရှာလကာရည်နဲ့ အရင်ဆေးပြီးမှ ရေနဲ့ ပြန်ဆေးထားပါ) (optional)

• ကြက်သား – ၁၅ကျပ်သား (အစောင်းပါးပါးလှီးပါ) (optional)

• ပဲပင်ပေါက် – ၁၀ကျပ်သား (ရေစဉ်အောင် ဆေးထားပါ)

• ကြက်သွန်မြိတ် – ၅စည်း ( ပါးပါးလှီးထားပါ)

• ကြက်သွန်ဖြူ – ၆မွှာ (နှုတ်နှုတ်စဉ်းပေးပါ)

• ဘဲဥ – ၄လုံး (ဆားအနည်းငယ် ထည့်၍ ခလောက်ထားပေးပါ)

• ပဲပြုတ် – ၁၀ကျပ်သား

အရသာအတွက် ပါ၀င်ပစ္စည်းများ....

- ပအုန်းရည် – စားပွဲတင်ဇွန်း ၆ဇွန်း (*ပအုန်းရည်အစား ရှာလကာရည်ထည့်လို့ ရပါတယ်)

- ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း

- ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း တဝက်

- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ပြင်ဆင်နည်း....

၁။ အရင်ဆုံး ကြက်သား၊ ကင်ပွန်း၊ ပုဇွန်ကျားများကို ( ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တဝက်) စီ်ဖြင့် နည်းထားပေးပါ။

၂။ ပြီးလျှင် ခလောက်ထားသော ဘဲဥကို ဒယ်ထဲထည့်၍ ကြော်ပေးပြီ ပါးပါးပြန်လှီးပေးထားပါ။

၃။ ထို့နောက် ချက်ပြုတ်ရန် ပန်းကန်တစ်ခုထဲတွင် ပြင်ဆင်ထားပေးပါ။

၄။ ခုကတ်ကြေးကိုက်ကြော် စချက်တော့ပါမည်။

ချက်ပြုတ်နည်း………………..

၁။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူများကို ထည့်ပြီး ဆီသပ်ပေးပါ။

၂။ ပြီးလျှင် ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ၁စက္ကန့်မျှ မွှေပေးပါ။

၃။ ထို့နောက် ကြက်သား၊ ပုဇွန်ကျား၊ ပြည်ကြီးငါး၊ ကမာ၊ ဂဏန်းချောင်းများကို ထည့်၍ မကျက်တကျက် အနေထားရောက်သည်အထိ ရောမွှေပေးပါ။

၄။ ထိုချိန်မှ ကတ်ကြေးကိုက်မုန့်ဖတ်ကို ဇလုံတစ်ခုထဲထည့်၍ (ပအုန်းရည်(စားပွဲတင်ဇွန်း ၆ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်) တို့ဖြင့် သမအောင် နုယ်ပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။

၅။ ပြီးနောက် နှံ့အောင် ရောမွှေလိုက်ပါ။ အရသာအပေါ့အငံ့မြည်း၍ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၆။ အရသာအနေတော်မှှ ပဲပင်ပေါက်၊ ပဲပြုတ်၊ ကြက်ဥ တို့ကိုထည့်ပေးပါ။

ရ။ မီးဖိုမှချခါနီးမှ ကြက်သွန်မြိတ်များကို ဖြူးပေးပြီး အရသာရှိရှိ မြိတ်ကတ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီ….

အစားတစ်လိုင်းပရိသတ်တွေ ကျန်းမာချမ်းသာကြပါစေနော်။ 

Source : Wutt Yee 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။