စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် သီရိမွန်ပလာဇာဝင်း လုံးချင်းအိမ်ရာ သီရိမွန် (၁ဝ) လမ်း Galaxy Star Motel ရှေ့လမ်းတွင် ဖြစ်ပွားခဲ့သော မှုခင်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ နေရာတွင် စိုင်းပြည့်ကျော် မောင်းနှင်ပြီး သန်းအောင် လိုက်ပါလာသည့် မော်တော် ယာဉ်ကို မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၂ဝဝဝ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ သိမ်းဆည်းရမိခဲ့သော စိတ်ကြွ ရူးသွပ်ဆေးပြားများမှာ တန်ဖိုးငွေကျပ် စုစုပေါင်း သိန်းပေါင်း ၄၆၂ဝ တန်ဖိုးရှိသည်ဟုလည်း သိရှိရပါသည်။

ထို့ပြင် စက်တင်ဘာ ၂၇ ရက် နံနက် ၅ နာရီက နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရွှေကူမြို့နယ် စီသော်ကျေးရွာနေ မြင့်အောင်၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ၂ ဂရမ်နှင့် တူမီးသေနတ်တစ်လက်တို့ကို လည်းကောင်း၊ ဆက်လက်၍ စီသော်ကျေးရွာနေ သောင်းလွင်၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ၂ ဂရမ် ကိုလည်းကောင်း၊ ရွှေကူမြို့နယ် လိပ်ဆင်းကျေးရွာနေ ထွန်းတင်ရွှေ၏နေအိမ်မှ ဘိန်းဖြူ ဝ ဒသမ ၁၅ ဂရမ်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၈ ပြားကို လည်းကောင်း၊ ထို့အတူ လိပ်ဆင်းကျေးရွာနေ ဖိုးသေး (ခ) ဖိုးထွေး၏ နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ၂ ဂရမ်ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့မှ မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာ ဗိုလ်တဲစု ရပ်ကွက် (ဗတစ/၁၃၂)နေ မင်းနိုင်၏ နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၃၃ ခွက် အလေးချိန် (ဝ ‘ဒသမ ၃၉၆ ဂရမ်)နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉ဝဝ တို့ကိုလည်းကောင်း၊ ညနေ ၆ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက် ပန်လုံ ဟောင်းရပ် အမှတ်(ပလဟ/၉၃)နေ ချိုရင်ရုန်း၏ နေအိမ်ကိုရှာဖွေရာ အခန်း အမှတ်(၆)အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ဝ၄၈၄ သိမ်းဆည်းရမိခဲ့ပါသည်။

၄င်းတို့ကို ဥပဒေအရ အရေးယူထားကြောင်းကိုလည်း သိရှိရပါသည်။

သတင်းအရင်းအမြစ် - ကိုရဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။