ကလေးတွေဟာအဖြူစင်ဆုံးပန်းပွင့်လေးတွေပါ။ စိတ်နှလုံးဟာလဲနူးညံ့လွန်းလို့ ထိခိုက်ဖို့အလွယ်ကူဆုံးပါပဲ။ သူတို့စိတ်ထဲမှာ စားမယ် အိပ်မယ် တီတီတာတာချွဲမယ်ဆိုတာပဲသိပါတယ်။ ဒီလိုဖြူစင်တဲ့ကလေးငယ်လေးတွေရဲ့စိတ်ကို ဘယ်အရာတွေကညစ်နွမ်းသွားစေနိုင်သလဲဆိုတာမေမေဖေဖတို့သိဖို့ပြောပြပေးလိုက်ပါတယ်။

၁။ တစ်ခုခုနဲ့ခြောက်လှန့်တာ

ကလေးတစ်ယောက်ဟာကိုယ်သဘောမကျတဲ့လုပ်ရပ်မျိုးကိုလုပ်မိတာဖြစ်စေ၊လုပ်အံ့ဆဲဆဲဖြစ်စေ ကလေးရဲ့စိတ်ကိုခြောက်လှန့်ပြီးရပ်တန့်စေတဲ့လုပ်ရပ်မျိုးကိုမိဘတို့အနေနဲ့မပြုမူသင့်ပါဘူး။ ဥပမာ - “ ငါနင့်ကိုထားခဲ့တော့မယ်” “ လမ်းပေါ်မှာနင့်ကိုသွားပစ်ထားမယ်” “ နင့်ကိုသူများကိုပေးပစ်မယ်”စတဲ့စကားလုံးတွေဟာကလေးငယ်ရဲ့စိတ်ကိုအမြဲခြောက်လှန့်နေမှာပါ။ တစ်ခုခုအမှားမလုပ်မိစေဖို့ဆိုကလေးရဲ့စိတ်ကိုခြောက်လှန့်တာထက် သူလိုချင်တာတစ်ခုခုနဲ့ချော့မြူသင့်ပါတယ်။ “ ဒီလိုလုပ်ရင်လိုချင်တာမပေးတော့ဘူးနော် ” ဆိုရင်ကလေးစိတ်လဲကြောက်လန့်မှုမရှိသလိုသူလုပ်မယ့်ကိုယ်မကြိုက်တဲ့အရာလဲရပ်တန့်သွားမှာပါ။

၂။ ကလေးကိုတခြားသူစီမှာအပ်ထားပြီး ကြာရှည်စွာအပြင်ထွက်ခြင်း

ကလေးတွေဟာငယ်ရွယ်တုန်းမှာမိဘရင်ခွင်ကိုပိုပြီးတပ်မက်ကြပါတယ်။ မိဘဖြစ်သူကအပြင်သွားပြီးသားသမီးဖြစ်သူကိုနီးရာဆွေမျိုး (သို့မဟုတ်)မိတ်ဆွေစီအပ်ထားခဲ့မယ်ဆိုရင်ကလေးကိုအထီးကျန်မှုပေးသလိုဖြစ်တတ်ပါတယ်။ မည်မျှပင်တခြားသူကဂရုစိုက်စေကာမူ မိဘရင်ငွေ့နဲ့မတူတဲ့အတွက်ကြောင့် ကလေးဟာအထီးကျန်မှုကိုခံစားရပါလိမ့်မယ်။ဖေဖေမေမေတို့ကလည်း သားသမီးလေးတွေနောင်ရေးအတွက်ငွေရှာနေရပေမယ့်ကိုယ့်သားသမီးလေးတွေနဲ့ တီတီတာတာချော့မြူကစားဖို့အချိန်တစ်ခုသပ်သပ်ထားပေးရပါမယ်။

၃။ ကလေးကိုရိုက်နှက်ခြင်း

ဒါကတော့အနည်းစုမှာဖြစ်တတ်ကြပါတယ် ကလေးငယ် ၃နှစ် ၅နှစ်အရွယ်လောက်ဆိုအပြည့်အဝမဟုတ်တောင်အနည်းငယ်သိတတ်တဲ့အရွယ်ဖြစ်နေတာမို့ ကလေးကအမှားတစ်စုံတခုလုပ်မိတဲ့အခါမိဘတွေအနေနဲ့ရိုက်နှက်ဆုံးမတတ်တာမျိုးတွေ မြင်တွေ့ဖူးပါတယ်။ကလေးငယ်တွေဟာချစ်ဖို့ပါ ရိုက်ဖို့မဟုတ်ပါဘူး။ ကလေးကိုရိုက်နှက်ဆုံးမတာထက် နားဝင်အောင်ပြောဆိုဆုံးမတဲ့အခါ ကလေးရဲ့စိတ်ထဲမှာကျေနပ်ပြီး မိဘပြောသမျှကိုနာခံတတ်သွားပါလိမ့်မယ်။ ကလေးအရွယ်ဆိုတာဖယောင်းပျော့ပျော့လေးလိုပါပဲ လိုသလိုပုံသွင်းလို့ရတာမို့ ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရဲ့အဖိုးတန်းကလေးလေးတွေကို လိမ္မာယဉ်ကျေးသူဖြစ်အောင်သွန်သင်တတ်ဖို့ပဲအရေးကြီးတာပါ။

၄။ အပြင်ပေးမထွက်ပဲ အိမ်ထဲမှာပဲနေခိုင်းခြင်း

ကလေးတွေအပြင်ထွက်ဆော့လိုက်ရင်အလွန်ဆုံးညစ်ပတ်ရင်သူတို့ရဲ့ခန္တာကိုယ်နဲ့ အဝတ်အစားပါပဲ။ စိတ်တွေကတော့အင်မတန်ကိုပျော်ရွှင်လန်းဆန်းနေမှာပါ။ ပျော်ရွှင်နေတဲ့ကလေးလေးတွေဟာ အရာရာကိုသင်ယူလွယ် တတ်မြောက်လွယ်ကြပါတယ်။ ကစားကွင်းတွေပို့တာဟာ ငွေကုန်ကြေးကျလည်းများပြီး ပင်လဲပင်ပန်းသလို အမြဲတမ်းသွားဖို့လဲအဆင်မပြေနိုင်ပါဘူး။ဒီလိုအချိန်တွေမှာကလေးကိုအိမ်ပြင်ထွက်ဆော့ခိုင်းပြီး မိမိကစောင့်ကြည့်ပေးလိုက်ခြင်းအားဖြင့် ငွေကုန်လဲသက်သာပြီး မိမိကလေးလဲပျော်ရွှင်ရမယ်ဆိုတာအသေအချာပါပဲ။ တစ်ချက်ခုတ်ရင်အချက်တွေအများကြီးပြတ်ပါတယ် ဖေဖေမေမေတို့ရေ၊

ဒီစာလေးကိုဖတ်ပြီးတော့ မိမိတို့ရင်သွေးလေးတွေရဲ့ပျော်ရွှင်မှုကို ရှာဖွေလိုက်ကြပါဦး ဖေဖေမေမေတို့ရေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။