ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ မဆီမဆိုင် စနှိုက်ကျော်တွေလဲ မှိုလိုပေါလာတော့တာပါပဲ။ စနှိုက်ကျော်ဆိုတဲ့ဝေါဟာရကို သေချာနားမလည်တဲ့လူတွေကအတွက်ပြောပြပေးချင်ပါတယ်။ စနိှိုက်ကျော်ဆိုတာ ကိုယ့်ချစ်သူ (သို့) ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရင်ခွင်ထဲက ဆွဲထုတ်လုယူသွားတဲ့ အသံတိတ်သူခိုးတွေပါပဲ။ သူတို့မှာစာနာနားလည်မှုတွေ သနားညှာတာမှု တွေဘာတစ်ခုမှမရှိပါဘူး။ ကိုယ်လိုချင်တာရဖို့အတွက် ဘယ်သူ့မျက်နှာမှမထောက်တဲ့ အချစ်ဘီလူးကြမ်းတွေပါပဲ။

စနှိုက်ကျော်တယ်ဆိုတဲ့နေရာမှာ တစ်ချို့ကချမ်းသာကြွယ်ဝမှုကိုမက်မောလို့ စနှိုက်ကျော်ကြတယ်၊ တစ်ချို့ကရုပ်ရည်ကိုမက်မောလို့စနှိုက်ကျော်ကြတယ် အမျိုးမျိုးသောလိုချင်တပ်မက်မှုတွေကြောင့် သူတစ်ပါးနဲ့ချစ်ခင်စုံမက်နေတဲ့ကြားကို အတင်းကဖျက်ကယက်ဝင်လုပ်ပြီးလုယူတတ်ကြတာ စနှိုက်ကျော်တွေရဲ့စရိုက်အမှန်ပါပဲ။ ပထမတော့သူတို့ကိုသနားလာအောင် စေတနာပိုလာအောင် မာယာတွေ ပလာတာတွေကျွေးပြီး နည်းလမ်းပေါင်းအသွယ်သွယ်နဲ့ မြူဆွယ်တတ်ကြပါတယ်။ ယောကျာ်းစနှိုက်ကျော်တွေဆိုရင်လဲ သူတို့ကိုအထင်ကြီးလာအောင် ယုံကြည်အားကိုးလာအောင် တစ်ဖက်မိန်းကလေးကို အမျိုးမျိုးဆွဲဆောင်ပြပါလိမ့်မယ်။ တစ်နည်းအားဖြင့်တော့ ကြာကူလီပေါ့။ ဒီလိုအခြေအနေတွေမှာဆိုရင် ကိုယ့်ချစ်သူ (သို့) အိမ်ထောင်ဖက်ကို အထက်ကပြောခဲ့သလို အသံတိတ်သူခိုးတွေစီပါမသွားအောင် ကိုယ့်ဖက်ကအားထုတ်ရမယ့်အပိုင်းလေးတွေရှိပါတယ်။

ကိုယ့်ချစ်သူကိုအရင်ကထက်ပိုဂရုစိုက်ပါ။ ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလဲ သူ့ကိုချုုပ်ချယ်သလိုမဖြစ်မိပါစေနဲ့ ဒါဆိုသူကစိတ်ရှုပ်ထွေးသွားပြီး တစ်ဖက်ကိုစိတ်ယိုင်သွားစေနိုင်ပါတယ်။ သူနဲ့အတူပျော်စရာလေးတွေကို တစ်ပတ်ခြားတစ်ခါလောက်ဖန်တီးပြီး Surprise တွေ တဝကြီးဖျော်တိုက်လိုက်ပါ။ ကိုယ်သူ့အပေါ်မှာအလေးအနက်ထားတာတွေကိုသူမြင်အောင်အမူအရာနဲ့ဖော်ပြပေးပါ။ Surprise ဆိုတဲ့နေရာမှာ စားသောက်ဆိုင်အကောင်းစားခေါ်သွားတာမျိုးတို့ ၊အဖိုးတန်းတစ်ခုခုလက်ဆောင်ပေးတာမျိုးတို့ကို အမြဲမဆိုလိုပါဘူး၊ ဘယ်သူကမှလဲအမြဲမတတ်နိုင်တဲ့အတွက် idea အလန်းစားလေးတွေနဲ့ ကိုယ့်အချစ်ကိုထုတ်ဖော်ပြပေးလိုက်ပါ။ ဥပမာ - ကားလမ်းကူးနေရင်း လက်ကလေးကိုခပ်တင်းတင်းဆုပ်လိုက်တာမျိုး ၊ သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီး “ အရမ်းချစ်တယ် ” လို့ပြောတာမျိုးတို့၊ မိန်းကလေးဆိုရင် ဆံပင်လေးကိုတယုတယသပ်တင်ပေးတာမျိုးတို့ ၊ ယောကျာ်းလေးဆိုရင်လဲ ရင်ခွင်ထဲခပ်နွဲ့နွဲ့လေးမှီချတာမျိုး၊ အဲ့လိုအကြောင်းအချက်တွေကြောင့် ချစ်သူနှစ်ယောက်ရဲ့ဆက်ဆံမှုက ပိုနွေးထွေးသွားပြီး ခြံခုန်ဖို့ဆိုတာလည်း ခပ်လှမ်းလှမ်းရောက်သွားမယ့် အကြောင်းအရာတစ်ခုဖြစ်သွားပါလိမ့်မယ်။

ခြံခုန်တော့မှာလားဆိုတာကိုသိမှသာကိုယ်ကဒီလိုအချက်တွေကိုလုပ်လို့ရမှာဖြစ်ပါတယ်။ သူ / သူမ ကိုယ့်ကိုသစ္စာဖောက်တော့မလားဆိုတာကို အမြင်နဲ့တပ်အပ်မသိနိုင်ပါဘူး။ တစ်ချို့ကလဲအမူအရာပျက်နေတာကိုကြည့်ခြင်းအားဖြင့်တော့သိနိုင်ကြပါလိမ့်မယ်။ တစ်ချို့ကအနေအထိုင်သိုသိပ်တဲ့အတွက် ခြံခုန်သွားမှသာ မျက်လုံးအပြူးသားနဲ့ကျန်ခဲ့တာတွေလဲရှိပါတယ်။ ဒီလိုမဖြစ်ရလေအောင် သေချာလေ့လာစေချင်ပါတယ်။ သူကိုယ့်အပေါ်စိတ်မပါတော့တဲ့ပုံစံပေါက်နေပြီလားဆိုတာ အရင်လေ့လာပါ၊ တခြားကိုယ်မသိတဲ့သူစိမ်း Ph တွေ အဝင်စိပ်လာပြီလား၊ ကိုယ်နဲ့အမြဲလိုလိုမတွေ့ဖြစ်တော့ဘူးလား၊ အလုပ်ကိုအကြောင်းအရမ်းပြနေလား၊ ညဖက်ဖုန်းသိပ်မပြောဖြစ်တော့ဘူးလား၊ အိမ်ထောင်သည်တွေဆိုရင်လဲ အိမ်ပြန်မိုးချုပ်တတ်တာ၊ မကြာခဏစကားများတာ၊ မိသားစုကိုအချိန်သိပ်မပေးတာတွေရှိလာရင် သတိထားဖို့လိုပါတယ်။

မင်္ဂလာဆောင်တယ် လက်ထပ်ထိမ်းမြားတယ်ဆိုတာ သူ့ခန္တာကိုယ်ပဲပိုင်တာပါ၊ စိတ်ကိုမပိုင်ပါဘူး။ စိတ်ဆိုတာကိုယ်ပိုင်အရာမို့အချိန်မရွေးဖောက်လွှဲဖောက်ပြန်ပြုတတ်ပါတယ်။ အိမ်ထောင်ရှင် မမ တွေလဲ ကိုယ့်အိမ်ကို Happy Home လေးဖြစ်အောင်ဖန်တီးပေးပါ။ Social ကျတာကောင်းပါတယ်။ အရမ်းလွတ်လပ်သွားရင်လဲတန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ ကိုယ့်လက်တွဲဖော်ကို ချစ်ပါ၊ ဂရုစိုက်ပါ၊ ကြင်နာပါ၊ အကောင်းဆုံးဆိုတာတွေမဖန်တီးပေးနိုင်ရင်တောင် အပျော်ရွှင်ဆုံးဖြစ်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖန်တီးပေးပါ။ ကိုယ့်ကိုတန်ဖိုးမထား မချစ်မနှစ်သက်တဲ့သူဆိုရင်တော့ စိတ်ဆင်းရဲခံ ကိုယ့်ဒုက္ခကိုယ်ရှာပြီး ဆွဲထားမနေပါနဲ့ လွှတ်သာပေးလိုက်ပါ။ ကိုယ်ထားခဲ့တဲ့စေတနာတွေက ကိုယ့်ကိုရောင်ပြန်ဟပ်ပါလိမ့်မယ်။ ဗုဒ္ဓအဆုံးအမအရ ကံကံ၏အကျိုးဆိုတာရှိပါတယ်။ ကိုယ်ကောင်းတာတွေလုပ်ခဲ့ရင် သေချာပေါက်ကောင်းကျိုးခံစားရပါလိမ့်မယ်။ ကိုယ့်လက်တွဲဖော်ကို အကောင်းမွန်ဆုံးအချစ်နဲ့ အဖြူစင်ဆုံးစေတနာတွေပေးပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေရှိရင် စနှိုက်ကျော်တွေ ကြာကူလီတွေလဲ ဘာမှမတတ်နိုင်တော့ပါဘူး။

စာဖတ်သူတွေအားလုံးလည်း အချစ်ရေးမှာ အဆင်ပြေချော့မွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။