ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းတွင် တရားမဝင် ငါးဖမ်းဆီးနေမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှု နည်းပါးခဲ့သည့်အတွက်ကြောင့် လက်ရှိအချိန်တွင် ဒေသတွင်း နေရာအနှံ့အပြား၌ ငါးသယံဇာတများ ရှားပါးလာကာ စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေရကြောင်း သိရှိရပါတယ်။ 

ရေတာရှည်မြို့နယ်အတွင်းရှိ စစ်တောင်းမြစ် အတွင်းနှင့် ဆွာချောင်းအပါအဝင် ချောင်းငယ် မြောင်းငယ်များ၌ ဘက်ထရီရှော့ခ်တိုက်သည့် ပစ္စည်း ကိရိယာများကိုသုံးစွဲ၍ ငါးဖမ်းသူများ အဆမတန် များပြားလျက်ရှိရာ တစ်ရာသီနှင့် တစ်ရာသီအကြား ငါးဖမ်းဆီးရမိမှုမှာ အလွန်ပင်နည်းပါးလာနေကြောင်း သိရှိရပါတယ်။ ထိုသို့ ငါးသယံဇာတများ ရှားပါးလာမှုကြောင့် တရားမဝင်နည်းလမ်းများကိုအသုံးပြု၍ ငါးဖမ်းဆီး နေကြသူများအား ထိရောက်စွာအရေးယူဆောင်ရွက် ပေးကြရန် ဒေသခံများက လိုလားနေကြပါတယ်။

လက်ရှိအချိန်တွင် ရေတာရှည်မြို့နယ်အတွင်း ကျေးလက်ဒေသအသီးသီး၌ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းကို စီးပွားဖြစ်လုပ်ကိုင်သူ ဦးရေမှာ လည်း ယခင်ကထက် ပိုမိုများပြားလာလျက်ရှိရာ ထိုသို့ တရားမဝင်နည်းလမ်းဖြင့် ငါးဖမ်းမှုများ ပပျောက်အောင် တာဝန်ရှိသူများအနေဖြင့် ပညာ ပေးမှုများ ဆောင်ရွက်ခြင်းထက် ဥပဒေအရ အရေး ယူခြင်းကိုသာ ဆောင်ရွက်စေလိုပါတယ်။ 

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးခြင်းကြောင့် ငါးမျိုးစိတ်များ၏ မျိုးပွားအင်္ဂါထိခိုက်ခြင်း၊ ငါးကြီး ထွားမှုနှုန်း မရှိတော့ခြင်း၊ ရေရှည်တွင် ငါးမျိုးစိတ်များ ပြုန်းတီးခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပြန်အသိပေးထားချက်များအရ သိရှိရပါတယ်။

သတင်းအရင်းအမြစ် - ကိုလွင်(ဆွာ) မြန်မာ့အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။