ဂျာမဏီဘော်လ်တစ်ပင်လယ်ထဲက ကျွန်းတစ်ကျွန််းဖြစ်တဲ့ Rugen ကျွန်းရဲ့ အဖြူရောင်သဲကမ်းရိုးတန်းတစ်လျှောက်မှာ ကမ္ဘာ့အကြီးဆုံးဟိုတယ်လို့ ဆိုနိုင်တဲ့ အိပ်ခန်း ၁၀၀၀၀ ပါ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ တည်ဆောက်ခဲ့ချိန်ကစလို့ နှစ်ပေါင်း ရ၀ကျော်ခဲ့ပြီဖြစ်ပေမယ့် ယနေ့ထိတိုင်ဘယ်သူမ နေထိုင်တည်းခိုခြင်းမပြုခဲ့ရပါဘူး။

ဒီဟိုတယ်ရဲ့ နာမည်က Prora လို့ခေါ်ပြီး ၁၉၃၆ခုနှစ်နဲ့ ၁၉၃၉ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့တဲ့ နာဇီတို့ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ နာဇီတွေပိုလန်ကို မကျူးကျော်ခင် ၃နှစ်အလိုလောက်က အာဏာရှင်ကြီးဟစ်တလာရဲ့ အမိန့်နဲ့ဆောက်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်အလုပ်သမားတွေ ၊ ၀ါဒဖြန့်သမားတွေ အားလပ်ချိန်မှာ နားခိုအပန်းဖြေစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ 

ဟိုတယ်အဆောက်အဦးအားလုံးကို ပုံစံတူတည်ဆောက်ထားခဲ့ပြီး အရှည် ၄.၅ကီလိုမီတာရှိပါတယ်။ အလုပ်သမား ၉၀၀၀ က ၃နှစ်ကြာတည်ဆောက်ခဲ့ရတာဖြစ်ပြီး ရေရှည်ကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အပန်းဖြေစခန်း ၊ ရုပ်ရှင်ရုံ ၊ ပွဲတော်ခန်းမ ၊ ရေကူးကန်တွေအပြင် ၊ ဇိမ်ခံသင်္ဘောကြီးတွေအတွက် ဆိပ်ခံဘောတံတားတွေပါ ထည့်သွင်းတည်ဆောက်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။

အိပ်ခန်း ၁၀၀၀၀ ရှိတဲ့ ဒီဟိုတယ်ကြီးမှာ လူ ၂၀၀၀၀ တစ်ပြိုင်နက်တည်းဖို့လုံလောက်ပါတယ်။ အတန်းလိုက်ဆောက်ထားတဲ့ရည်ရွယ်ချက်ကတော့ အိပ်ခန်းတိုင်းမှာတည်းတဲ့လူတိုင်း ပင်လယ်ပြင် မြင်ကွင်းကို မြင်ရဖို့ဖြစ်ပါတယ်။ နာဇီစစ်သားတွေတိုးပွားလာတဲ့အခါ ဂျာမန်ဆက်လက်လွှမ်းမိုးနိုင်ဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒီဟိုတယ်ကြီးပြီးတဲ့အချိန်မှာ စစ်ပွဲတွေဖြစ်ပွားတာကြောင့် ဟစ်တလာဟာ ဒီဟိုတယ်ဆောက်လုပ်ရေးက အလုပ်သမားတွေကို ပြန်လည်ခေါ်ယူပြီး လက်နက်စက်ရုံတည်ဆောက် တပ်ဆင်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်စေခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ဂျာမဏီစစ်ရှုံးသွားတဲ့အတွက် ဟစ်တလာရဲ့ Prora ဟိုတယ်အစီအစဉ်ဟာ ရပ်တန့်သွားခဲ့ရပါတယ်။ အကြီးအကျယ်တည်ဆောက်ခဲ့ပေမယ့် တစ်စုံတစ်ယောက်မှတည်းခိုခွင့်မရလိုက်တဲ့ စွန့်ပစ်နေရာတစ်ခုဖြစ်သွားခဲ့တယ်။

၁၉၉၀ ခုနှစ်မှာတော့ ဒီစွန့်ပစ်ဟိုတယ်ကြီးကို Bundeswehr စစ်နည်းပညာကျောင်းအဖြစ် ၃နှစ်ကြာ အသုံးပြုခဲ့ပါသေးတယ်။ ၂၀၁၃ခုနှစ်မှာတော့ ဂျာမန်အိမ်ခြံမြေကုမ္ပဏီ Metropole က Prora ဟိုတယ်ကို မွန်းမံဖို့ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ဒါကြောင့် Metropole က ဟိုတယ်ကြီးကို ဇိမ်ခံအပန်းဖြေစခန်းတစ်ခုအဖြစ် ပြုပြင်မွန်းမံလျှက်ရှိပြီး ၂၀၂၀ မှာတော့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမယ်လို့ သိရပါတယ်။

Source"Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။