အမေရိကန်အနေဖြင့် အမြဲလိုလို မြောက်ကိုရိးယားနှင့် ထိပ်တိုက်တွေ့လေ့ရှိသည်။ မြောက်ကိုရီးယားကလည်း မကြာခနဆိုသလို ရန်စလေ့ရှိသည်။ ယခုအခါ ရန်လိုသော မြောက်ကိုရီးယား အစိုးရအား ထိန်းချုပ်ရန် ရွေးချယ်စရာ နည်းလမ်းအားလုံးကို စဉ်းစားသည့် ၎င်း၏ မူဝါဒအား ဂျပန်ထံမှ ထောက်ခံမှု ရခဲ့ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားအား မဟာဗျူဟာအရ စိတ်ရှည်သည်းခံမှု အချိန်သည် ကုန်ဆုံးသွားပြီဖြစ်ကြောင်း နို၀င်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းအတွက် သံတမန်ရေးရာ ဖြေရှင်းနည်းကို ကျော်လွန်၍ ၀ါရှင်တန်က စဉ်းစားနိုင်ပြီး စစ်ရေးစွက်ဖက်မှုကို ရွေးချယ်နိုင်ကြောင်း ထရန့်က ပြောကြားခဲ့ဖူးသည်။

ရန်အမြဲလိုလိုစလ့ရှိသည့် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းသည် ယဉ်ကျေးသောကမ္ဘာနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း အာရှ ခရီးစဉ် ဒုတိယမြောက်နေ့တွင် ထရန့်က ပြောကြားခဲ့သည်။ မဟာဗျူဟာအရ စိတ်ရှည်သည်းခံမှုခေတ်သည် ကုန်ဆုံးသွားပြီဖြစ်ကြောင်း အိမ်ရှင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ယှဉ်တွဲရပ်လျက် ထရန့်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက ၎င်း၏နိုင်ငံအား ကျော်၍ ဒုံးများပစ်ခတ်မှုနှင့် နိုင်ငံအား ပင်လယ်ထဲသို့ နစ်မြှုပ်ပစ်မည်ဟု ခြိမ်းခြောက်မှု ကြုံခဲ့ရသည့် ဂျပန်၏ ၀န်ကြီးချုပ် အာဘေးကလည်း ထရန့်၏ အလျှော့မပေးသော ရပ်တည်ချက်အား ထောက်ခံခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများ အပါအဝင် ရန်စသော လုပ်ရပ်များအား ထိန်းချုပ်ရာတွင် ရွေးချယ်စရာ နည်းလမ်းအားလုံး ရှိနေကြောင်း ထရန့်၏ မူဝါဒကို ၎င်းတို့က အမြဲတမ်းထောက်ခံကြောင်း အာဘေးက ပြောကြားခဲ့သည်။ 

ဂျပန်၏ ပိတ်ဆို့အရေးယူမှုသစ်အရ မြောက်ကိုရီးယား လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း ၃၅ ခု၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ်သွားမည်ဟု အာဘေးက ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဖြစ်စဉ်များဖြစ်သည့် အမေရိကန် ဗုံးကြဲလေယာဉ်များက ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်းလေ့ကျင့်မှုနှင့် မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား သို့မဟုတ် ဒုံးစမ်းသပ်နိုင်ဟု စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ထရန့်က အာရှခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အာဏာရှင်မျှ အမေရိကန်၏ စိတ်ပိုင်းဖြတ်မှုအား လျှော့မတွက်သင့်ကြောင်း ထရန့်က ၎င်း၏ ခရီးစဉ်အစတွင် နို၀င်ဘာ ၅ ရက်၌ ပြောကြားခဲ့ရာ မြောက်ကိုရီးယားနှင့် ၎င်း၏ လူငယ်ခေါင်းဆောင် ကင်ဂျုံအွန်တို့ကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်ခြင်း ဖြစ်သည်။

Source – RFA, Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။