စာသင်ခန်းအတွင်းသို့ ကားကဝင်တိုက်ခိုက်မိလို့ ၈နှစ်အရွယ်ကလေး၂ဦးသေဆုံးခဲ့ရပါတယ်။ ယခုဖြစ်ရပ်ကတော့ သြစတျေးလျနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ သြစတြေးလျနိုင်ငံ မြို့တော် ဆစ်ဒနီမြို့မှ မူလတန်းကျောင်းတကျောင်းကို ကားတစီး ဝင်တိုက်ခဲ့တဲ့အတွက် အသက် ၈ နှစ်အရွယ် ကျောင်းသားကလေးငယ် ၂ ဦး သေဆုံးခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီနေ့မနက် ဒေသစံတော်ချိန် မနက် ၉း၄၅ နာရီက ဂရင်းနေးကာ ဆင်ခြေဖုံးဒေသတွင်းမှ ဘန့်ခ်ဆီယာလမ်း ပုဂ္ဂလိကစာသင်ကျောင်းတွင်းမှာ ဖြစ်ခဲ့တာလို့ သိရှိရပါတယ်။

ဒါ့အပြင် ဒီအဖြစ်အပျက်ကြောင့် တခြား ကျောင်းသူမိန်းကလေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို ကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ရတာပါ။ ကားဟာ စာသင်ခန်းတွင်း ဝင်တိုက်မိခဲ့ချိန်မှာ အခန်းတွင်း ကျောင်းသူကျောင်းသား ကလေးငယ် ၂၄ ဦး ရှိနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်တိုက်မိခဲ့တဲ့ကားကို မောင်းနှင်ခဲ့သူဟာ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ရဲတွေက စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ မဟုတ်နိုင်ဘူးလို့ ပြောပါတယ်။အခင်းဖြစ်တဲ့ နေရာမှာတော့ လူတွေရှုပ်ထွေးနေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ မြင်ကွင်းလိုပဲ ဖြစ်နေခဲ့တယ်လို့ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး စတက်ဖနီရက်ဒ်နစ်ဂျ်က ပြောပါတယ်။ဆက်လက်ပြီး သူက “ထိတ်လန့်စရာကောင်းတဲ့ ဒီအခြေအနေထဲမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကလေးငယ်တွေဟာ ဦးတည်ရာမဲ့ ထိတ်လန့်တုန်လှုပ်နေခဲ့ကြတယ်” လို့ ဆိုပါတယ်။စာသင်ခန်းတွင်းမှ တခြားကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး လက်ရှိမှာတော့ ဒါကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

Source – DVB, The Guardian 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။