ကိုယ်ဝန်ဆောင်ချိန်က အရမ်းကို အရေးကြီးတဲ့ ကာလတစ်ခုပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အနေအထိုင်၊ အပြုအမူတွေကို ဂရုစိုက်ရသလို အစားအသောက်တွေကိုလည်း မဖြစ်မနေ ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်သည်တွေက ကိုယ်ဝန်မရှိသူ / သာမန်သူတွေထက် ခုခံအားကျဆင်းနေတာကြောင့် ရောဂါကူးစက်နိုင်ခြေ အဆ ၂၀ ပိုများပါတယ်။ ကိုယ်တစ်ယောက်တည်းအတွက်သာမက သန္ဓေသားအတွက်ပါ အာဟာရဖြစ်စေမဲ့ အစားအသောက်ကို အထူးဂရုစိုက် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်သည် အများစုက အစားရှောင်တတ်ကြပေမယ့် ရှောင်တဲ့အစားအစာတွေဟာ မှားယွင်းနေတတ်တာကြောင့် သန္ဓေသားအတွက် အာဟာရလုံလုံလောက်လောက် မရတာ ဒါမှမဟုတ် သန္ဓေသားအတွက် ကျန်းမာရေးထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး ဗဟုသုတအဖြစ် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ လုံးဝ မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ မကျက်တကျက် ပြုတ်ထားသော ကြက်ဥ

ကိုယ်ဝန်ဆောင်ကာလမှာ ကြက်ဥစားတာက ကလေးအတွက် ပရိုတင်းဓာတ်ရရှိစေနိုင်ပေမယ့် မကျက်တကျက် ပြုတ်ထားတာ ဒါမှမဟုတ် ကြက်ဥအစိမ်းစားတာက သန္ဓေသားကို ဒုက္ခပေးတတ်ပါတယ်။ ကြက်ဥမကျက်တာကြောင့် ပိုးမွှားတွေက အချင်းမှတစ်ဆင့် သန္ဓေသားဆီကို ရောက်ရှိသွားကာ ကလေးမှာ ရောဂါရရှိသွားနိုင်ပါတယ်။ မိခင်မှာလည်း အဲဒီပိုးကြောင့် ဖျားတာ၊ ပျို့တာ၊ အန်တာနဲ့ ဗိုက်အောင့်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၂။ သေချာဆူအောင် မကျိုချက်ထားသော နွားနို့

ကိုယ်ဝန်ဆောင်ကာလမှာ နွားနို့သောက်တာက သင်ရဲ့ ကယ်လ်စီယမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ပွက်ပွက်ဆူအောင် ကျိုချက်မထားတဲ့ နွားနို့ကို မသောက်မိခဲ့ရင် နို့မှာ ပါ၀င်တဲ့ လစ်စတီးရီးယား ဘက်တီးရီးယားပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးက ဘာရောဂါလက္ခဏာမှ မပြသတတ်ပေမယ့် အချင်းမှတစ်ဆင့် သန္ဓေသားကို ရောက်သွားတဲ့အခါမှာ အသေမွေးတာ၊ ကလေးပျက်ကျတာ၊ လမစေ့ကလေးမွေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နွားနို့များများသောက်တာကလည်း ပေါင်ချိန်များတဲ့ကလေးတွေ မွေးဖွားလာနိုင်တဲ့အတွက် ကလေးမွေးစဉ်ကာလမှာ အခက်အခဲတွေ့နိုင်ပါတယ်။

၃။ မကျက်တကျက် ပင်လယ်စာ

သေချာချက်ပြုတ်မထားတဲ့ ပင်လယ်စာ ဒါမှမဟုတ် ငါးစိမ်း၊ ပုစွန်စိမ်းတွေ စားသုံးတာကလည်း မိခင်ရော၊ သန္ဓေသားအတွက်ပါ ရောဂါပိုးတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ပြဒါးပမာဏမြင့်မားစွာပါ၀င်တဲ့ တူနာငါးတွေ စားသုံးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ တူနာငါးများများစားတဲ့ မိခင်မှ မွေးလာတဲ့ကလေးတွေရဲ့ IQ က နိမ့်ပါးနေတတ်ပါတယ်။ ငါးတွေမှာများစွာပါ၀င်တဲ့ အိုမီဂါ ၃ အဆီက ကလေးငယ် ကြီးထွားဖို့နဲ့ မိခင်ကျန်းမာရေးအတွက် လိုအပ်နေသေးတာကြောင့် ရေချိုငါးတွေဖြစ်တဲ့ ငါးရံ့၊ ငါးခူ၊ ကကတစ်၊ ငါးကွမ်းရှပ်တွေကိုတော့ စားသုံးသင့်ပါတယ်။  

၄။ ဆေးဖက်ဝင် လက်ဖက်ရည်များ

ချာမိုမိုင်း၊ ပက်ပါးမင့်၊ Green tea လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်တွေကို ကိုယ်ဝန်ဆောင်ကာလမှာသောက်ခဲ့ရင် ပေါင်မပြည့်တဲ့ကလေးတွေ မွေးဖွားနိုင်ခြေ မြင့်မားပါတယ်။ ဒါ့အပြင် ကဖင်းနဲ့ အယ်လ်ကိုဟောတွေကလည်း ကလေးရဲ့ ကြီးထွားမှုအပေါ် ဆိုးကျိုးဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါ၀င်တဲ့အတွက် မွေးရာပါချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။

၅။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ

မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေပေါ်မှာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ရှိနေတတ်တာမို့ ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးရင် အစာအဆိပ်သင့်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၆။ စားသောက်ဆိုင်မှ အစားအစာများ

စားသောက်ဆိုင်က အစားအစာများ/ အပြင်စာများ အများစုက ဆားနဲ့ အချိုမှုန့်တွေ များစွာ ပါ၀င်တဲ့အတွက် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး မစားသုံးသင့်ပါဘူး။ အချိုမှုန့်တွေက ကလေးငယ်ရဲ့ ကြီးထွားမှုကို နှေးကွေးစေတဲ့အပြင် မွေးဖွားပြီးချိန်မှာ ကလေးငယ်တွေရဲ့ ကိုယ်အလေးချိန်လည်း မြင့်တက်စေနိုင်ပါတယ်။ ဆားဓာတ်ပါ၀င်မှုများတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန်ဆိပ်လည်း တက်နိုင်ပါတယ်။  

၇။ ဓာတ်မတည့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ကာလမှာ မစားဖူးတဲ့ အစားအစာတွေကို အရသာခံဖို့ မသင့်လျော်ပါဘူး။ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားပါနဲ့။ သင့်သန္ဓေသားပေါ်မှာလည်း တုံ့ပြန်နိုင်တာကြောင့်ပါ။

၈။ ဆေးသကြား

ဆေးသကြားပါ၀င်တဲ့အချိုရည်တွေက လမစေ့ကလေးမွေးဖွားနိုင်ခြေကို မြင့်မားနိုင်စေပါတယ်။

၉။ ပျားရည်

ပျားရည်က အချင်းကို ဖြတ်ပြီး သန္ဓေသားဆီ ရောက်ဖို့အတွက် အခွင့်အလမ်း နည်းပါးလှပေမယ့် ကိုယ်ဝန်ဆောင်ကာလမှ ပျားရည် အလွန်အကျွံသောက်တာက သန္ဓေသားမှာ အစာ အဆိပ်အတောက် ဖြစ်နိုင်ပါတယ်။

၁၀။ အစာအကျန်များ

စားလို့ မကုန်တဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ သိမ်းထားပြီး နောက်တစ်နေ့မှာ ပြန်စားဖို့ဆိုတာ ကိုယ်ဝန်ဆောင်တွေနဲ့ မသင့်လျော်လှပါဘူး။ အဲဒီအစာတွေထဲမှာ ဘက်တီးရီးယားတွေ စုဆောင်းနိုင်နေတာကြောင့် မိခင်ရော၊ ကလေးမှာပါ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရရှိနိုင်ပါတယ်။

၁၁။ အားဖြည့်ဆေးဝါးများ

အားဖြည့်ဆေးဝါးအများစုမှာ သားအိမ်ကို ကျုံ့စေနိုင်တဲ့ contraction ရရှိစေနိုင်တဲ့ abortifacient ဒြပ်ပေါင်းတွေ ပါ၀င်တာကြောင့် အဲဒီဆေးဝါးတွေကို များများမှီဝဲပါက ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

ဒီလို ရှောင်ရမဲ့ အချက်တွေကို သိရှိပြီး ကျန်းမာပျော်ရွှင် သာယာသော မိသားစုလေးကို ပိုင်ဆိုင်နိုင်ကြပါစေ … သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းတွေ အတွက်လည်း မျှဝေပေးလိုက်ပါဦးနော် ….

သတင်းအရင်းအမြစ် - ကိုယ်ဝန်ဆောင်သည်နှင့် ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။