ငလျင်ဒဏ်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရသည့် ကပ်ဆိုးတစ်ခုဖြစ်သည်။ ငလျင်လှုပ်ခတ်ပါက လူများစွာသေရသည်။ ယခုလည်း အီရတ်နှင့် အီရန် နှစ်နိုင်ငံ နယ်နိမိတ် ဒေသကို ဗဟိုပြု၍ ရစ်ချ်တာစကေး ရ.၃ အဆင့်ရှိ အင်အားကြီး ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ အစိုးရများက အလွန်ဆိုးရွား ပြင်းထန်သည့် ကုန်းတွင်းငလျင်ကြောင့် ပျက်စီးထိခိုက်မှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း အသီးသီး အတည်ပြု ကြေညာခဲ့သည်။ သေဆုံးမှု စာရင်းမှာ ပိုမို မြင့်တက်လာမည့် အလားအလာလည်း ရှိနေသည်။

ငလျင်သည် အီရတ်ပိုင် ဟာလက်ဘ်ဂျာမြို့ အနီးကို ဗဟိုပြု၍ နိုဝင်ဘာ ၁၂ ရက် ညပိုင်းက လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ ငလျင်အပြီးတွင် နှစ်နိုင်ငံလုံးရှိ မြို့အများအပြား၌ ဒေသခံများသည် ညဘက် အိမ်ထဲတွင် မအိပ်ရဲဘဲ လမ်းမပေါ်ထွက်ကာ အချိန်ကုန်ဆုံးစေခဲ့ရသည်။ အီရန် အာဏာပိုင်များက ငလျင်ကြောင့် သေဆုံးသူ ၁၃၀ မျှရှိကြောင်း ထုတ်ပြန်ခဲ့ပြီး အီရတ်ဘက်မှ အသေအပျောက်စာရင်း တရားဝင် ထွက်ပေါ်မလာသေးချေ။ သို့သော် အီရတ် အရှေ့ပိုင်းရှိ ဒါဘန်ဒီခန်မြို့တွင် ၄ ဦးသေပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ငလျင်၏ လှုပ်ရှားရိုက်ခတ်မှုကို အီရတ်တစ်နိုင်ငံလုံးနီးပါး သိရှိ ခံစားခဲ့ရသည်။ ဒါဘန်ဒီခန်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများပါ ပြိုကျခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။ ငလျင်သည် အီရန်နှင့် အီရတ် နှစ်နိုင်ငံသာ မကဘဲ ပါကစ္စတန်၊ လက်ဘနွန်၊ ကူဝိတ်နှင့် တူရကီ နိုင်ငံများအထိပါ ခံစားသိရှိအောင် လှုပ်ရှား ရိုက်ခတ်ခဲ့သည်။ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အေဘာဒီက ငလျင်နောက်ဆက်တွဲ အခြေအနေကို အလေးအနက် စောင့်ကြည့် ဆန်းစစ်နေပြီး ကယ်ဆယ်ရေးနှင့် အခြားလိုအပ်သော လုပ်ငန်းများအတွက် စီစဉ်နေကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

Source - 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။