တောင်ငူမြို့မှာ တည်ထားကိုးကွယ်တဲ့ မြတ်စောညီနောင်ဘုရားရှိ နောင်တော် စေတီမှ စိန်ဖူးတော်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဖြစ်ပုံမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာ၊ ဒိုးသောင်ကျေးရွာအနီးရှိ သမိုင်းဝင်မြတ်စောညီနောင်ဘုရားရှိ နောင်တော်စေတီမှ စိန်ဖူးတော်မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ နောင်တော်စေတီမှ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား အသစ်ပြန်လည်ပြုပြင်ရန် အောက်တိုဘာလကုန်ခန့်က စေတီမှဖြုတ်ချ၍ တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်သို့ ယာယီရွှေ့ပြောင်းထားရှိစဉ် မြို့ခံအချို့မှ စိန်ဖူးတော်မပါသည်ကို သတိထားမိခြင်းဖြစ်သည်။ ထို့ပြင် စိန်ဖူးတော် ပျောက်ဆုံးနေသည် မှာ မည်သည့် အချိန်ကတည်းပင် ပျောက်ဆုံးနေမှန်းမသိကြောင်း သိရှိရသည်။

ယခု စိန်ဖူးတော်ပျောက်ဆုံးနေခြင်းနှင့် ပတ်သတ်၍ “အခုဖြုတ်တာက လုံးတော်မှာ ကြေးတွေဘာတွေ ကွာသွားပြုသွားတာလေးတွေ၊ ပျက်စီးပြီး နည်းနည်းယိုယွင်းသွားတဲ့ အနေအထားကြောင့် လုံးတော်ကိုပြန်ပြီးတော့ ရွှေပြန်ချဖို့၊ ထီးတော်ရွှေပြန်ချမယ်ဆိုတဲ့အခါကျမှ ငြမ်းဆင်လိုက်တဲ့အခါကျတော့ ငြမ်းရှိနေတဲ့အတွက်ကြောင့်မို့လို့ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်က လုံခြုံမှုမရှိဘူးဆိုပြီး ချလိုက်တဲ့အချမှာ အခုလိုကိစ္စပေါ်သွားတာပဲ” ဟု တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။ စိန်ဖူးတော်ပျောက်ဆုံးသည့် အခြေအနေနှင့် ပတ်သက်ပြီး မြတ်စောညီနောင်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးမောင်မောင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စိန်ဖူးတော်ပျောက်ဆုံးနေသည်မှာ စေတီမှဖြုတ်ချချိန်မှသာ သိရှိရကြောင်း၊ မည်သည့်အချိန်ကာလက ပျောက်ဆုံးနေသည်ကို အသေအချာမသိကြောင်း၊ အဆိုပါ စိန်ဖူးတော်တင်ခဲ့သည့် အချိန်ကာလ၌ ဘုရားအကျိုးတော်ဆောင်အဖြစ်သာ တာဝန်ယူထားကြောင်း ပြောကြားသည်။

“ရဲတွေရောတပ်ရော အကုန်လုံး ကျွန်တော်တို့ကြည့်ပြီးတော့ ချတာပဲ။ မပါတာပဲတွေ့တာပဲ၊ စိန်ဖူးတော်ငုတ်လေးတစ်ခုပဲ တွေ့တယ်။ စိန်ဖူးတော်မတွေ့ဘူး။ အဲဒါရွှေဆံတော်မှာ ထားတယ်” ဟု ဦးမောင်မောင်က ပြောကြားသည်။ အဆိုပါ စိန်ဖူးတော်မှာ လုံးပတ်ခြောက်လက်မခန့်၊ အမြင့်ကိုးလက်မခန့်ရှိပြီး ၂၀၀၃ ခုနှစ်ဝန်းကျင်ခန့်က ထီးတော်တင်လှူခဲ့ခြင်းဖြစ်ကြောင်း၊ စိန်ဖူးတော်အား တောင်ငူမြို့နေ လုပ်ငန်းရှင်တစ်ဦးမှ လှူဒါန်းထားခြင်းဖြစ်ပြီး စိန်ဖူးတော်အမျိုးအစားမှာ ဖြူပြာနုရောင်ရှိသည့် မိုးကုတ်တွင်းထွက် ကျောက်အမျိုးအစားဖြစ်ကာ ကျပ်သိန်းရာပေါင်းများစွာ တန်ကြေးရှိကြောင်း စိန်ရွှေအကြောင်းနားလည်သူ တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။ တောင်ငူမြို့ သမိုင်းဝင် မြတ်စောညီနောင်ဘုရားမှာ သာသနာတော်နှစ် ၂၃၀ ၀န်းကျင်ခန့်က မြတ်လှနှင့်စောလှ အမြွှာညီအစ်ကိုနှစ်ဦး တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားတည်သည့် ဒကာများဖြစ်သည့် မြတ်လှနှင့် စောလှ အမြွှာညီအစ်ကိုတို့၏ နာမည်များကိုအစွဲပြုကာ၊ မြတ်စောညီနောင်ဘုရားတွင် နောင်တော်စေတီနှင့် ညီတော်စေတီနှစ်ဆူအား တည်ခဲ့ခြင်ဖြစ်ပြီး၊ နောင်တော်စေတီမှ စိန်ဖူးတော်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။