ရိုမန်ကက်သလစ်သာသနာဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လက်ဆောင်ရရှိခဲ့သော ပြိုင်ကားကိုလှူဒါန်းခဲ့သည်။ နာမည်ကျော် ပြိုင်ကားကုမ္ပဏီ လမ်ဘော်ဂီနီက ပုပ်ရဟန်းမင်းကြီးကို လက်ဆောင်ပေးခဲဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်ဆောင်ရရှိခဲ့သော လမ်ဘော်ဂီနီအဖြူရောင်ကားကို ပုပ်ရဟန်းမင်းကြီးက ပြန်လှူခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးက အလှူအတွက် ယင်းကားကို လေလံတင်ရောင်းချခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် မြင်းကောင်ရေ ၆၁၀ အားရှိသော ယင်းကားကို သူ၏လက်မှတ်ထိုး၍ Sotheby’s လေလံလုပ်ငန်းသို့ ပေးပို့ခဲ့သည်။ 

ပုံမှန်အားဖြင့် ဒေါ်လာ ၂၃၇၀၀၀ စျေးနှုန်းရှိသော လမ်ဘော်ဂီနီစူပါကားသည် ပုပ်ရဟန်းမင်းကြီးအတွက် ရွှေရောင်အစင်းများထည့်ထားပြီး နောက်ကြည့်မှန်ကိုလည်း ရွှေကွပ်ထားသောကြောင့် စျေးနှုန်းပိုကြီးဖွယ်ရှိသည်။ ကားကို လေလံတင်ရောင်းချ၍ရရှိသော ငွေများအား အများအကျိုးပြုလုပ်ငန်းလေးခုအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး အီရတ်ရှိ နီနီဗေးလွင်ပြင်မှ ခွဲခြားဖိနှိပ်ခံရသော ခရစ်ယာန်များအတွက် အိမ်များနှင့် ဘုရားကျောင်းများအတွက် လှူဒါန်းမည့်အစီအစဉ်လည်း ပါ၀င်သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပြည့်တန်ဆာကယ်တင်ရေး ဆောင်ရွက်သည့် အီတလီအဖွဲ့အစည်းတစ်ခုကိုလည်း ငွေများလှူဒါန်းမည် ဖြစ်သည်။

အာဖရိကတွင် အမျိုးသမီးများနှင့် ကလေးများအား ကူညီနေသည့် အဖွဲ့အစည်းနှစ်ခုကိုလည်း ပုပ်ရဟန်းမင်းကြီးက ကားလေလံငွေများ လှူဒါန်းမည် ဖြစ်သည်။ အာဂျင်တီးနားမှ ပထမဆုံး ပုပ်ရဟန်းမင်းဖြစ်သော ဖရန်စစ်သည် ၂၀၁၄ ခုနှစ်ကလည်း လက်ဆောင်ရသည့် ဟာလီဒေဗစ်ဆင် ဆိုင်ကယ်နှင့် ဂျက်ကက်အကျႌကို လေလံတင် လှူဒါန်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ဘတ်စ်ကားကို ပို၍နှစ်သက်သူအဖြစ် ကျော်ကြားပြီး ၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကျည်ကာကားကို မစီးဘဲဘတ်စ်ကားကို စီးခဲ့သူဖြစ်သည်။

Source – Reuters 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။