မိုင်းတုံမြို့ နမ့်တွန်ချောင်းအတွင်း ငါးရှော့တိုက်ရာဖို့ ထွက်သွားတဲ့ လူငယ်တဦး ချောင်းထဲမှာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။မိုင်းတုံမြို့ မြို့မရပ်ကွက်နေ ကျပန်းလုပ်ကိုင်သူ အသက် ၂၄ နှစ်အရွယ် စိုင်းသိန်းထိုက် ဟာ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်ကနေအိမ်ကနေကိုက်၃၀၀ လောက်အကွာအဝေးရှိတဲ့ နမ့်တွန်ချောင်းအတွင်း ငါးရှော့သွားတိုက်မယ် ပြောပြီး ထွက်သွားခဲ့ပါတယ်။

ညနေ ၆ နာရီလောက်ထိ ပြန်ရောက်မလာတဲ့အတွက် မိသားစုဝင်တွေက လိုက်လံရှာဖွေစဉ် ကမ္မဌာန်းကျောင်းသွား ကားလမ်း နမ့်တွန်ချောင်းကူးတံတား တောင်ဖက်ပေ ၅၀ လောက်အကွာ ချောင်းရေထဲမှာ မှောက်ရက် သေဆုံးနေခဲ့တာလည်းဖြစ်ပါတယ်။သေဆုံးသူရဲ့ညိီမဖြစ်သူက “နေ့လယ် ၁၂ နာရီလောက်က ငါးရှော့တိုက်သွားမယ်ဆိုပြီး ထွက်သွားတာ ညနေစောင်း ပြန်မလာတာနဲ့လိုက်ရှာကြတော့ ချောင်းထဲမှာ မှောက်ရက် သေနေတာကြောင့် အိမ်ပြန်ပြောပြီး နာရေးကူညီမှုကားနဲ့ ဆေးရုံပို့ခဲ့တာပါ”လို့ ပြောပါတယ်။

“သတင်းကြားကြားချင်း ကျနော်တို့ ဗြဟ္မစိုရ်နာရေးကူညီမှုအသင်းကို အကြောင်းကြားတာနဲ့ သက်ဆိုင်ရာကို သတင်းပို့ အလောင်းသယ်ယူဖို့ ဆောင်ရွက်ခဲ့တာပါ။ ချောင်းဘေးမှာ YAMABISI ဂျပန်မီးစက်ကို ကြိုးတန်းလန်းနဲ့ တွေခဲ့တာကြောင့် ဓာတ်လိုက် သေဆုံးတာ ဖြစ်နိုင်ပါတယ်” လို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ဆိုပါတယ်။သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်၊ မဟုတ် မိုင်းတုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၇)နဲ့ စုံစမ်းစစ်ဆေးတယ်လို့ သိရပါတယ်။

Source – DVB News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။