ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်း၏မှ အခြေခံပညာဦးစီးဌာနမှ နေ့စားလပေး ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်းပေးပြီး တစ်ပါတည်း အတည်ခန့် Permanent ပေးရန်အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ အစီအစဉ်တွင် မေးမြန်းခဲ့ပါတယ်။

ထိုမေးခွန်းနှင့် စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ခုလိုပဲ ဖြေကြားခဲ့ပါတယ်။

“ကိုယ်စားလှယ်တော်ကြီး တင်ပြထားတဲ့အထဲမှာပါတဲ့ ဖေဖော်ဝါရီလမှာ လျှောက်လွှာများခေါ်ယူပြီး မတ်လမှာ စစ်ဆေးကာ ဧပြီလလယ်ကနေ မေလလယ်ထိ ဆရာဖြစ်သင်တန်းပေးပြီး ဇွန်လကျောင်းဖွင့်ရက်အမီ ခန့်ထားနိုင်ဖို့ကိစ္စကတော့ နေ့စားလပေး (မူလတန်းပြ) ဆရာ၊ ဆရာမအဖြစ် ခေါ်ယူ ခန့်ထားနိုင်ဖို့အတွက် လိုအပ်တဲ့ဘဏ္ဍာငွေတွေကို ကြိုတင်လျာထားရပါတယ်။ လိုအပ်တဲ့ ဘဏ္ဍာငွေကို လျာထားတဲ့ နေရာမှာလည်း တစ်နှစ်ကြိုတင်ပြီး လျာထားရတာဖြစ်တဲ့အတွက် ချက်ချင်းရ အတည်ခန့် Permanent အဖြစ် ခန့်ထားရန် မဆောင်ရွက်နိုင်ဘဲ နေ့ စားလပေးအဖြစ် ဦးစွာဆောင်ရွက်ပြီးမှ ဘဏ္ဍာငွေခွင့်ပြုချက်ရမှ ဆက်လက်ခန့်ထားနိုင်မှာပါ” 

နေ့စားလပေး ဆရာ၊ ဆရာမများကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွေးချယ်ခန့်ထားတာ ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အခြေပြု မူလတန်းဆရာအတတ်သင်တန်းအဖြစ် ရက် ၃၀ ပေး၍ မူလတန်းပြအဖြစ် သြဂုတ် ၁ ရက်မှ စတင်အတည်ပြုခန့်ထားပြီး မြို့နယ်အခြေပြု မူလတန်းဆရာအတတ် သင်တန်းတက်ရောက်ပြီးသူများကို မူလတန်း ဆရာအတတ် စာပေးစာယူ သင်တန်း တစ်နှစ် ထပ်မံတက်ရောက်စေပြီး မူလတန်းဆရာ အတတ်လက်မှတ်ပေးအပ်ကြောင်း ကို ၎င်းမှ ထပ်မံပြောကြားခဲ့ပါတယ်။

Source – Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။