မန္တလေးတွင် သိန်း၁ထောင်တန်ဖိုးရှိ ကျောက်ကို ကောက်ရခဲ့သူများက ပိုင်ရှင်ထံပြန်လည် ပေးအပ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါကျောက်သည် မဟာအောင်မြေကျောက်ဝိုင်းအတွင်း ကျပျောက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ကျောက်ကိုပျောက်ဆုံးခဲ့သူကတော့ ကျောက်ပွဲစားကို၀င်းသူ ဖြစ်ပါတယ်။ ကိုဝင်းသူအနေဖြင့် ဒီဇင်ဘာ(၂)ရက်နေ့က ကျောက်ဝိုင်း အတွင်း၌ ဖုန်းပြောနေရင်း အိတ်အတွင်းသို့ ကျောက်ထုပ်ကိုထည့်ရာမှ ကျပျောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ကိုဝင်းသူကျပျောက်ခဲ့တဲ့ ကျောက်ကို ကျောက်သမားဦးဆန်းမြင့်အောင်နှင့် ဒေါ်ခင်မိုးမြင့်တို့က ကောက်ယူရရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုကဲ့သို့တန်ဖိုးကြီးကျောက်ကို ကောက်ရခဲ့သော်လည်း ကျောက်ထုပ်ကိုကောက်ရတဲ့ ကျောက်သမားဦးဆန်းမြင့်အောင်နှင့် ဒေါ်ခင်မိုးမြင့်တို့က ပိုင်ရှင်ဖြစ်သူ ကိုဝင်းသူထံပြန်လည်ပေးအပ်ခဲ့တာပါ။ ကျောက်ထုပ်ကို ပိုင်ရှင်ထံပြန်လည်ပေးအပ်ပွဲကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲ (၁၁) နာရီခွဲက အကျိုးတော်ဆောင်ကော်မတီရုံး၌ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်ထုပ်ကောက်ရသူ ကိုဆန်းမြင့်အောင်မှ ငွေကိုလက်မခံသဖြင့် ဂါရဝပြုလက်ဆောင်သာ ပေးအပ်ခဲ့ကြောင်းလည်း သိရိ်ှရပါတယ်။  

ထိုကဲ့သို့ ကောက်ရခံမှုနှင့်ပတ်သတ်၍ ကိုဆန်းမြင့်အောင် က “အဲဒီနေ့ကဝိုင်းကိုရောက်တော့ (၁၁) နာရီဝန်းကျင်လောက်မှာ ကျောက်တပွင့်သူများလာပြတာကြည့်နေရင်း ကျောက်ထုပ်တထုပ်တွေ့လို့ ကောက်သိမ်းလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီကျောက်ထုပ်ပျောက်တဲ့သူဟာ ပြဿနာတက်တော့မယ်။ ငါလည်း ပိုင်ရှင်မဟုတ်တဲ့သူတစ်ယောက်ကို ပြန် ပေးမိရင် ပြဿနာတက်လိမ့်မယ်ဆိုပြီး တွေးမိတယ်။ ကျွန်တော်မဟုတ်တာလုပ်ရင် ဘယ်သူမှမသိပေမယ့် ကိုယ်စောင့်နတ်က သိတယ်။ ဒါကြောင့် ပြန်ပေးရမယ်ဆိုပြီး တွက်ထားတယ်။ မကြာမီမှာပဲ ကျွန်တော်ထိုင်နေတဲ့နေရာကနေ နှစ်ခန်းကျော်မှာ လူအများရုန်းရုန်းဖြစ်နေတော့ သေချာပြီကျောက်ပျောက်တာပဲဖြစ်နိုင်တယ်ဆိုပြီးသွားတွေ့လိုက်တယ်။ အဲဒီမှာကိုဝင်းသူကိုတွေ့တော့ ကျောက်ပျောက်လားမေးမှ သူကဟုတ်တယ်ပြောတယ်။ ကောက်ရထားတဲ့ကျောက်ထုပ်ကိုပြတော့ သူကမြင်တာနဲ့ဝမ်းသာသွားတယ်။ ပြန်ပေးလိုက်တယ်။ မသိမသာပဲ ပြန်သွားလိုက်တယ်။ အခု အကျိုးတော်ဆောင်ကော်မတီက ဒါနဲ့ပတ်သက်ပြီး ဂုဏ်ပြုပွဲလုပ်ပေးတဲ့အတွက် အရမ်းပျော်ပါတယ်”ဟု ၀မ်းသာအားရ ပြောကြားခဲ့ပါတယ်။

Source – News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။