မင်းကင်း တောင်တွင်းနယ်ထဲက ကျေးရွာတရွာမှာ ထူးဆန်းတဲ့ လင်းယုန်တစ်ယုန်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လင်းယုန်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ တွေ့ရှိခဲ့တာပါ။ ထိုလင်းယုန်မှာ GPSစက်တပ်ဆင်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ လင်းယုန်၏ကျောမှာ GPS စနစ်ပါတဲ့ စက်ကို တင်ဆင်ထားခဲ့တာပါ။

ဒါ့အပြင် ခြေထောက်မှာလည်း အမှတ်စဉ် ၂၇၂ ဆိုတဲ့ သံကွင်းခတ်ထားတယ်လို့ သိရပါတယ်။ မင်းကင်းမြို့နယ် တောင်တွင်းချောင် ၃၆ ရွာထဲက တရွာအပါအဝင်ဖြစ်တဲ့ သာစည်ရွာရဲ့ အပြင်ဘက် ကောက်ရိုးပုံပေါ်မှာ နားနေတဲ့ လင်းယုန်ငှက်ကြီးကို ရွာသားတယောက်က လေးခွနဲ့ ပစ်ပြီး အသက်ရှင်ရက် ဖမ်းဆီးရခဲ့တာပါ။ တောင်တွင်းမှာနေတဲ့ ဒေသခံတဦးက “ငှက်အနေအထားကတော့ မွန်ဂိုလီးယား အမဲလိုက် ငှက်ပုံစံရှိနေပြီး ဆောင်းခိုရင်း မြန်မာနိုင်ငံဘက် ရောက်လာတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ ယခုအခါ မင်းကင်းမြို့နယ် သာစည်ကျေးရွာတွင် တွေ့ရှိရသော လင်းယုန်ငှက်ကြီးကို သက်ဆိုင်ရာဌာနများသို့ ပြန်လည်အပ်နှံသွားမည်ဟု သိရသည် ။ အဆိုပါ လင်းယုန်ငှက်ကို ဒီဇင်ဘာ ၆ ရက်တွင် မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရပါတယ်။

“လင်းယုန်ငှက်ကြီးကိုတော့ ကျွန်တော်တို့ရယ်၊ မြို့နယ် စီမံခန့်ခွဲမှုဌာနတို့က သစ်တော၊ တိမွေးကု ဌာနတို့ လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။ မင်းကင်းမြို့နယ် ၃၇ မိုင်အကွာ ကြာပင်ရဲစခန်းအပိုင် သိန်းအုပ်စုနဲ့ သာစည်ကျေးရွာမှာ ကိုဆန်းဦးပိုင်တဲ့ ကောက်ရိုးပုံမှာ လာနားတာ။ သူကလည်း ငှက်ဆိုပြီး ပစ်လိုက်တော့ ငှက်ရဲ့အတောင်ပံနဲ့ ခေါင်းသွားထိပြီး ကျလာတာ။ အမျိုးအမည်မသိတဲ့ စက်ကလေးနဲ့ သံကွင်းလေး ပါလာတယ်။ သူတို့ကလည်း မွေးထားတဲ့ငှက်ဆိုပြီး မွေးထားတာ။ အဲဒါ ဒီဇင်ဘာ ၅ ရက်ကဖြစ်တာ။ ဒါကို ကြာပင်ရဲစခန်းမှူးက စုံစမ်းရင်းနဲ့တွေ့တော့ ဒီငှက်က ဌာနတစ်ခုခုက စမ်းသပ်သုတေသန ပြုဖို့ငှက်ဖြစ်နိုင်တယ်ဆိုပြီး ချိတ်ဆက်တင်ပြခဲ့ပြီး သယ်ယူခဲ့တာ ညနေ ၄ နာရီမှာ မင်းကင်း မြို့ရောက်ပါတယ်။ အဲဒီငှက်ကြီးကို တက္ကသိုလ် ကျောင်းသားတစ်ယောက်က Facebook ပေါ်တင်လိုက်တော့ ပျံ့နှံ့သွားတာ။ အခုတော့ ငှက်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိမွေးကုနဲ့ သစ်တောကို လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။ လင်းယုန်ငှက်ကြီးကတော့ ကျန်းကျန်းမာမာပါ။ အလေးချိန် တစ်ပိဿာခွဲလောက် ရှိပါတယ်”ဟု မင်းကင်းမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွန်းက ပြောကြားခဲ့ပါတယ်။

Source – DvB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။