ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ပြောလိုက်တာနဲ့ ဘီလ်ဂိတ်၊ ရော့ဖဲလားလ် ၊ အင်ဒရှုးကာနယ်ဂျီ စတဲ့ သူဋ္ဌေးကြီးတွေကို မြင်ယောင်မိမှာပါ။ ဒါပေမယ့် ယခုလက်ရှိအချိန်ထိ ပုဂ္ဂိုလ်တစ်ဦးရဲ့ချမ်းသာ ကြွယ်ဝမှုတွေကို ဘယ်သူကမှ လိုက်မမှီကြသေးပါဘူး။ ထိုသူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ်ထက် ၅ဆကျော် ချမ်းသာသူဖြစ်ပါတယ်။ သူကတော့ မာလီအင်ပါယာရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ရာစုဝန်းကျင်မှာ အုပ်စိုးခဲ့တဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။ Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။

Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။

Mansa Musa ရဲ့ ဘုရင်နာမည်က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ခုနှစ် မာလီမှာ မွေးဖွားခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂နှစ်အရွယ်မှာ ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက် အနောက် အာဖရိက မာလီဘုရင်ဖြစ်လာပါတယ်။ မာလီနိုင်ငံဟာ ယနေ့ခေတ်မှာ နိုင်ငံငယ်လေးဖြစ်ပေမယ့် သူ့လက်ထက်မှာတုန်းကတော့ မာလီနိုင်ငံဟာ ဆား နဲ့ ရွှေ အမြောက်အများထွက်ပြီး အလွန်ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရွှေအများဆုံးထွက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ Mansa Musa ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ တန်ဖိုးနဲ့တွက်ရင် ၄၀၀ဘီလျံကျော်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းဆုံးတွက်ချက်ထားခြင်းသာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီထက်မက များနိုင်သေးတယ် လို့ တွက်ချက်သူတွေက ဆိုကြပါတယ်။

အဲဒီအချိန်တုန်းက မာလီအင်ပါယာဟာ အတ္တလန်တိတ်သမုဒ္ဒရာကနေ Chad ရေကန်အထိ မိုင်ပေါင်း ၂ထောင်ကျော် ကျယ်ပြန့်ပြီး ယနေ့ နိုင်ဂျီးရီးယား ၊ ချက်ဒ်(Chad) ၊ နိုင်ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂွာရာနာ ၊ ဂမ်ဘီယာ ၊ ဆီနီဂေါ ၊ မာရီတန်နီးယား အစရှိတဲ့နိုင်ငံတွေဟာ မာလီအင်ပါယာထဲမှာ ပါ၀င်ပါတယ်။ Mansa Musa ဟာ ခရီးအလွန်ထွက်တဲ့ဘုရင်ဖြစ်ပြီး မိုင်ပေါင်းထောင်ချီအောင်ထွက်လေ့ရှိပါတယ်။ ဒီလိုခရီးထွက်တဲ့အခါမျိုးမှာ အစေခံ ထောင် နဲ့ချီပြီး ခေါ်ယူကာထွက်လေ့ရှိပါတယ်။ သူ့ရဲ့အစေခံအားလုံးကိုလည်း တန်ဖိုးကြီးလှတဲ့ ပါရှားပြည်က ပိုးထည်တွေကို ၀တ်ဆင်စေပါတယ်။ ကုလားအုတ် အကောင် ၈၀ နဲ့ အတူ ရွှေ ပေါင် ၃၀၀ ခန့်ကိုလည်း ခရီးထွက်ရင် သယ်သွားလေ့ရှိပါတယ်။ သူသွားခဲ့တဲ့လမ်းတလျှောက်မှာ လက်ဆောင်ပစ္စည်းတွေကို အမြဲဝေမျှခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံးခရီးကတော့ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို သွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။

သူ့လက်ထက်မှာ မာလီဟာ အကြီးမားဆုံးထွန်းတောက်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့မြို့တော် တင်ဘခ်တူဟာ အဲဒီအချိန်က ယဉ်ကျေးမှု နဲ့ ကုန်သွယ်မှု အထွန်းကားဆုံးမြို့ဖြစ်ခဲ့ပါတယ်။ သူဟာ ပညာရေးကို တန်ဖိုးထားတဲ့ဘုရင်ဖြစ်ပြီး သူ့ရဲ့မြို့တော်မှာ Sankore တက္ကသိုလ်ကိုဖွင့်လှစ်ပြီး ကမ္ဘာတစ်ဝန်းက ပညာသင်ဆုရကျောင်းသားတွေကို တက်ရောက်သင်ယူစေခဲ့ပါတယ်။ သူဟာ အသက် ၅၇နှစ်အရွယ် ၁၃၃၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူ့လက်ထက်က မာလီအင်ပါယာကို အထွန်းတောက်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုဆက်ခံသူများရဲ့လက်ထက်မှာတော့ လွဲမှားတဲ့စီမံမှုတွေ ၊ နယ်ချဲ့ခြင်း နဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် Mansa Musa တည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့နန်းတော်မရှိတော့ပေမယ့် သူတည်ထောင်ခဲ့တဲ့ အဆောက်အဦးတွေ တက္ကသိုလ်တွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ သမိုင်းတလျှောက်မှာ သူ့ထက်ချမ်းသာတဲ့သူ ထပ်ပေါ်လာဖို့ ဆိုတာလည်း မဖြစ်နိုင်လောက်အောင်ပါပဲ။

Source: သုတဇုန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။