ထိုင်းနိုင်ငံတွင် ခွေးတစ်ကောင်ကို မြန်မာအလုပ်သမား၂ဦးက ကြိုးနဲ့ချည်ပြီးဆိုင်ကယ်နဲ့ ဒရွတ်တိုက်ဆွဲခဲ့မှုုဖြစ်ခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ဒေသကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်းခရိုင်မှာဖြစ်ပါတယ်။ လမ်းပွန်းခရိုင် မဲ့ထားမြို့နယ်ရှိ ၀က်မွေးမြူရေးခြံအလုပ်သမား၂ဦးက အမှုကျူးလွန်ခဲ့တာပဲ။ ထိုအလုပ်သမား၂ယောက်ကတော့ မြန်မာနိုင်ငံသား အသက် ၂၉ နှစ်ရွယ် နိုင်းခင်နဲ့ နိုင်းခမ်း တို့ပဲဖြစ်ပါတယ်။ 

သူတို့၂ယောက်အနေဖြင့် ့နှစ်ဦးဟာ ယခု ဒီဇင်ဘာလ ၂ ရက်နေ့ ည ဆယ်နာရီလောက်က နမ့်တန်အမည်ရှိ ၃ နှစ်သားခွေးမတကောင်ကို ကြိုးနဲ့ချည်ပြီး ဆိုင်ကယ်နဲ့ တရွတ်တိုက်ဆွဲသွားခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဟာ အဆိုပါခွေးမလေးကို အကွာအဝေး ၂ ကီလိုမီတာ ဆွဲခေါ်သွားတာကြောင့် ခွေးမှာ ဒဏ်ရာတွေရရှိပြီး ရွာသားတွေက တိရိစ္ဆာန်ဆေး ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ထိုကဲ့သို့ ခွေးညှဉ်းပန်းနှိပ်စက်တဲ့ သူတို့ကိုလည်း ရွာသားတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အဆိုပါ တိုင်တန်းခံရတဲ့ထဲမှာ မြန်မာလုပ်သားလူငယ် ၂ ဦးအပြင် ဆိုင်ကယ်ပိုင်ရှင်ဖြစ်ပြီးဆိုင်ကယ်မောင်းခဲ့တဲ့ အသက် ၁၆ နှစ်ရွယ် ထိုင်းလူငယ်တစ်ဦးပါ ပါ၀င်ပါတယ်။ သူတို့ ၃ ဦးဟာ အတိုင်ခံရပြီးတဲ့နောက် ထွက်ပြေးတိမ်းရှောင်နေခဲ့တာမှာ အခုခါ သူတို့ ၃ ဦးလုံးတွေ့ရှိပြီဖြစ်ပြီး မြန်မာလုပ်သား ၂ ဦးကလည်း အပြစ်ကို ၀န်ခံထားပါတယ်လို့ သိရှိရပါတယ်။ 

သူတို့အနေဖြင့် ခွေးကိုတမင်ညှဉ်းပန်းလိုစိတ်နဲ့လုပ်ခဲ့တာမဟုတ်ဘဲ အရက်မူးနေလို့ ကျူးလွန်မိတာလို့ ဆိုပါတယ်။ ရဲစခန်းကတော့ အဆိုပါမြန်မာလုပ်သားနှစ်ဦးကို အကြောင်းမဲ့တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု၊ ညအချိန်မတော် ပစ္စည်းခိုးမှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ထိုင်းဥပဒေအရ တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုမှာ ၂ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၄ သောင်းထက်မပိုသော ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံးချမှတ်နိုင်ပါတယ်။ ပစ္စည်းခိုးမှုမှာ အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် အနည်းဆုံး ဘတ် ၂ ထောင်မှ ၁ သောင်းထိ ငွေဒဏ် ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုထားပါတယ်။ ထိုင်းလူငယ်မှာ အသက် ၁၈ နှစ်အောက်ဖြစ်တဲ့အတွက် လူငယ်ပြုပြင်ထိန်းသိမ်းရေး ဌာနက တာဝန်ရှိသူတွေနဲ့ အမှုကို စစ်ဆေးသွားမယ်လို့ မဲ့ထားနယ်မြေရဲစခန်းက သတင်းထောက်ကို ပြောပါတယ်။

Source – DvB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။