ရန်ကုန်၊ နိုဝင်ဘာ ၂၄

၂၄.၁၁.၂၀၁၆ ရက်နေ့ ၁၃၅၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံး၊ ပထမထပ်ရှိ Hallခန်း၏နောက်ဘက်သန့်စင်ခန်းအတွင်း၌ အသံမြည်ပေါက်ကွဲမှု ၃ ကြိမ်နှင့် ၎င်းအခန်း၏ အပြင်ဘက်တွင်ထားရှိသော အမှိုက်ပုံးအတွင်း အသံမြည်ပေါက်ကွဲမှု ၁ ကြိမ်းဖြစ်ပွားခဲ့ကြောင်း၊ လူ/ပစ္စည်းထိခိုက်မှုမရှိကြောင်းနှင့် ၎င်းအဆောက်အအုံ၏အောက်ထပ်တွင် စျေးဆိုင်ခန်း ၁ဝခန်းရှိကြောင်းသိရှိရပါသည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မြင့်ထွေးနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှူးပါ ၁ဝဦးတို့က ရောက်ရှိစုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းပြင် အမှတ် (၉၀၅) စစ်မြေပြင်အင်ဂျင်နီးယာတပ်မှတပ်ဖွဲ့ဝင်များကလည်း ထပ်မံစစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ ရှာဖွေစစ်ဆေးခဲ့ရာ ရေချိုးခန်းအတွင်းရေစင်အောက်၌ မပေါက်ကွဲသေးသည့် M150 အချိုရည်ပုလင်းအားတွေ့ရှိ၍ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ပေါက်ကွဲဖျက်ဆီးခဲ့ပါသည်။၎င်းပြင် အခင်းဖြစ်နေရာသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ အမှတ်(၂)လုံခြုံ ရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် မြဝင်း၊အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး ကျော်ကျော်မင်းနှင့် အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) ပေါက်ကွဲပစ္စည်းစစ်ဆေးရေးဌာနစုမှတပ်ဖွဲ့ဝင်များရောက်ရှိစစ်ဆေးခဲ့ရာ မရမ်းကုန်းမြို့နယ်ရှိ Ocean Center နှင့် ဒေါပုံမြို့နယ်ရှိ Capital Hyper Market ဖြစ်ပွားခဲ့သည့် အသံမြည် ပေါက်ကွဲမှုဖြစ်စဉ်များတွင် အသုံးပြုခဲ့သောပစ္စည်းများနှင့်တူညီကြောင်း သတင်းရရှိပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။