မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရခဲ့သည်မှာ ၁၉၄၈ခုနှစ်ကည်းကဖြစ်ပါတယ်။ သို့သော် လွတ်လပ်ရေးရယူနိုင်ခဲ့သော်လည်း ပြည်တွင်းစစ်တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် တပ်မတော်ကြား မကြာခဏဆိုသလို စစ်မက်ဖြစ်နေခဲ့ကြပါတယ်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်ကကြိုးပမ်းလျက်ရှိပါတယ်။

ယခုအခါလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် လုပ်ငန်းကော်မတီများအကြား ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ပြုလုပ်လျက်ရှိသည်ဟု သိရှိရပါတယ်။ အဆိုပါဆွေးနွေးပွဲကာလအတွင်း လာမည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းဝေးတွင်တင်ပြမည့် ကဏ္ဍကြီး ငါးခုဖြစ်သော နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍတို့ကို အသေးစိတ် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့မှ ကဏ္ဍငါးခု၏ လုပ်ငန်းကော်မတီငါးခု၏ ခေါင်းဆောင်အသီးသီးက ၎င်းတို့ပြင်ဆင်ထားသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ စာတမ်းများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထံသို့ တင်ပြဆွေးနွေးကြမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT) ၊ ကဏ္ဍအလိုက်ပါ၀င်သည့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ DKBA ၊ KNU/ KNLA-PC တို့ဖြစ်ကြပါတယ်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။