ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ရိုမန်ကက်သလစ်သာသနာတော်ဂိုဏ်းချုပ်ပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် မကြာသေးခင်ကလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပါသေးတယ်။ အဆိုပါ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် ယခုအခါ အသက်၈၁နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၏ သက်တော် ၈၁ နှစ်ပြည့် မွေးနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ဗာတီကန် နန်းတော်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် အီတလီရိုးရာ ပီဇာမုန့်ကို အလွန်ရှည်လျားစွာ ဖန်တီးထားပြီး ဖယောင်းတိုင် စိုက်ထူထားခဲ့ပါတယ်။ အဆိုပါ ဖယောင်းတိုင်ကို ပုပ်ရဟန်းမင်းကြီးနှင့် ကလေးငယ်များ အတူတကွ မီးမှုတ် ငြှိမ်းသတ်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက မွေးနေ့ပွဲ တက်ရောက်လာသည့် ကလေးငယ်များ အနေဖြင့် ၁၃ ပေ ရှည်လျားသည့် ပီဇာမုန့်ကြီးကို ကုန်စင်အောင် ခွဲဝေစားသောက်ရန် တိုက်တွန်းခဲ့ပြီး သို့မှသာ ၎င်းတို့ အနေဖြင့် သန်မာ ထွားကျိုင်းလာမည်ဟု မိန့်ဆိုခဲ့ကြောင်း သိရှိရပါတယ်။ ထို့နောက်တွင် ထောင်သောင်းချီသော ကလေးငယ်များက စိန့်ပီတာ ရင်ပြင်တွင် စုရုံးကာ ပုပ်ရဟန်းမင်းကြီးအတွက် မွေးနေ့ဆုမွန်ကောင်းများ အော်ဟစ်၍ တောင်းပေးခဲ့ကြပါသေးတယ်။ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကလည်း ဗာတီကန်နန်းတော် လေသာဆောင်မှနေ၍ ကလေးများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

ယခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး၏ မွေးနေ့သည် တနင်္ဂနွေ ပုံမှန်ဝတ်ပြု ဆုတောင်းသူများကို တွေ့ဆုံသည့် အစီအစဉ်နှင့်ပါ ကိုက်ညီ တိုက်ဆိုင်နေခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နေထိုင်ရာ အီတလီတွင် အခမ်းအနား အစီအစဉ်များ ကျင်းပရာ၌ ပီဇာမုန့်ကို အဝိုင်းအစား ရှည်လျားသည့် ပုံစံမျိုးဖြင့် ပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီး၏ မွေးနေ့အတွက် ဖန်တီးထားသော ပီဇာမှာ စားပွဲရှည်ကြီး တစ်ခုစာ အပြည့်မျှ ရှည်လျားသည်။ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အခေါင် ပုဂ္ဂိုလ်ဟု ဆိုနိုင်သည့် ပုပ်ရဟန်းမင်းကြီးသည် အဆိုပါ ရာထူးကို ၂၀၁၃ ခုနှစ်၊ မတ် ၁၃ ရက်ကတည်းက ရွေးချယ် တင်မြှောက် ခံခဲ့ရခြင်း ဖြစ်ပါတယ်။ ပုပ်ဖရန်ဆစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်ထိ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး သမိုင်းတလျှောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့် ပုပ်ရဟန်းမင်း အနေဖြင့်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

Source – Reuters, 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။