ဗြိတိန်ကထုတ်ထားတဲ့ ကလေးခွန်အားစာအုပ်တစ်အုပ်မှာ မြန်မာနိုင်ငံ၏ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ထည့်သွင်းရေးသားထားပါတယ်။ ယခုအခါမှာတော့ အဆိုပါ ကလေးခွန်အားစာအုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏အကြောင်းကို ဖယ်ပေးရန် မိဘများတောင်းဆိုလျက်ရှိသည်ဟု သိရှိရပါတယ်။ မြန်မာခေါင်းဆောင်၏အကြောင်းကို ‘သူပုန်မိန်းကလေးများအတွက် အိပ်ရာဝင်ပုံပြင်များ’ (Good Night Stories for Rebel Girls) စာအုပ်မှနေ၍ ဖြုတ်ပစ်သင့်ကြောင်း ဝေဖန်သူများက အခိုင်အမာ ပြောကြားခဲ့သည်ဟု The Guardian သတင်းစာက ဒီဇင်ဘာ ၂၄ ရက်တွင်ဖော်ပြခဲ့ပါတယ်။ အဆိုပါစာအုပ်သည် ၂၀၁၇ ခုနှစ်၏ လူကြိုက်အများဆုံး ကလေးစာပေစာအုပ်ဖြစ်ပြီး အမ်မီလီယာအီးယားဟက်နှင့် မာရီကျူရီမှသည် ဟီလာရီကလင်တန်နှင့် ဆီရီနာဝီလျံတို့အထိ မိန်းကလေးများအား လက်ရှိအနေအထားကို ရည်ရွယ်ချက်မြင့်မားစွာဖြင့် စိန်ခေါ်နိုင်ရန် စိတ်ကူးရစေသော အမျိုးသမီး ရိုးမော်ဒယ်များအကြောင်း စုစည်းတင်ပြထားခြင်းဖြစ်ပါတယ်။

သို့သော် ခရစ်စမတ်လက်ဆောင်ထုပ်များစွာ၌ ပါ၀င်ဖွယ်ရှိသည့် အဆိုပါစာအုပ်သည် ယင်း၏စာမျက်နှာများ၌ ထည့်သွင်းထားသော အမျိုးသမီးပေါင်း ၁၀၀ အနက် တစ်ဦးသောသူကြောင့် အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။ အဆိုပါစာအုပ်ကို လွန်ခဲ့သည့်နှစ်တွင် ရေးသားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ဖိနှိပ်မှုကိုရင်ဆိုင်ကာ ရဲစွမ်းသတ္တိရှိသော စံနမူနာအဖြစ် ပြောင်မြောက်သည့်အကြောင်းအရာတစ်ရပ်အဖြစ် ယူဆထားခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သော မြန်မာနိုင်ငံမှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် အကြမ်းဖက်မှုများအား ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ပုံနှင့်ပတ်သက်၍ သူ၏ဂုဏ်ကျက်သရေ ကျဆင်းမှုက လာမည့် Edition များ၌ သူ့အကြောင်းကို ဖယ်ရှားပစ်ရန် တောင်းဆိုမှုများကို ဖြစ်စေခဲ့ပါတယ်။ တုံ့ပြန်မှုအနေဖြင့် အဆိုပါစာအုပ်ကိုရေးသားသူများဖြစ်သော အီလီနာဖာဗယ်လီနှင့် ဖရန်ဆက်စကာကယ်ဗယ်လိုတို့က ထပ်မံရိုက်နှိပ်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကိုဖယ်ရှားပစ်ရန် စဉ်းစားနေသည်ဟုဆိုပါတယ်။

ခြောက်နှစ်နှင့်အထက် ကလေးများအတွက် ရည်ရွယ်သော အဆိုပါစာအုပ်သည် အမျိုးသမီးပန်းချီဆရာမများ၏ သရုပ်ဖော်ပုံများနှင့်အတူ ရိုးမော်ဒယ်အဖြစ် သတ်မှတ်ခံရသူတစ်ဦးစီ၏အကြောင်းကို နှစ်မျက်နှာစီ ရေးသားထားပါတယ်။ ယင်းစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ “ကျွနု်ပ်တို့့ဟာ ဒီကမ္ဘာကြီးထဲမှာ နေထိုင်တာကြောင့် ဒီကမ္ဘာကြီးအတွက် ကျွနု်ပ်တို့အနေနဲ့ ကျွနု်ပ်တို့အတတ်နိုင်ဆုံးလုပ်ရမယ်” ဟုဖော်ပြထားသည်။ ယင်းစာအုပ်တွင် သူ၏အကြောင်းကို ၂၁ နှစ်ကြာ နေအိမ်အကျယ်ချုပ်ကျစဉ်တစ်လျှောက် စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုမှသည် ပြန်လွှတ်ပေးခံရပြီး ခေါင်းဆောင်မှုပြုလုပ်သည်အထိ ဖော်ပြထားသည်။ “သူဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပြီး သူ့အိမ်ထဲကမထွက်ဘဲ သူ့နိုင်ငံက လူသန်းပေါင်းများစွာနဲ့ ကမ္ဘာတစ်လွှားက အားလုံးကို စိတ်ဓာတ်လှုံ့ဆော်နိုင်ခဲ့ပါတယ်” ဟုလည်း အဆိုပါစာအုပ်၌ ဖော်ပြထားပါတယ်။ အဆိုပါစာအုပ်၏ Facebook စာမျက်နှာတွင် လင်ကာအူဇာကိုဗာက “ဒီစာအုပ်ရဲ့ ၉၉ ရာခိုင်နှုန်းအထိများများက စိတ်အားတက်ကြွဖွယ်ကောင်းပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဒီစာအုပ်မှာ ထည့်သွင်းထားတာကတော့ လုံးဝစက်ဆုပ်ရွံရှာဖွယ်ကောင်းတာ တွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီလိုအမျိုးသမီးတွေကြားမှာ နေရာမရှိပါဘူး။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ကလေးတွေ အရှင်လတ်လတ် မီးရှို့ခံရမှုတွေအတွက် ဘာမှမလုပ်ပေးတဲ့အပြင် သူတောင်တိုက်ရိုက်ပါ၀င် ပတ်သက်ဖွယ်ရှိတဲ့ သူကဒီစာအုပ်ထဲမှာပါနေတာမျိုးက ပြောစရာစကားတောင်မရှိပါဘူး” ဟုရေးသားထားပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအဝင် နိုင်ငံတကာဂုဏ်ပြုဆုပေါင်း ၁၂၀ ကျော်ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ဂုဏ်ပြုဆုများ ပြန်လည်ရုပ်သိမ်းခံနေရပါတယ်။

Source – The Guardians, Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။