ရှေးနှစ်ပေါင်း ထောင်နှင့်ချီပြီး နှစ်ပရိစ္ဆေဒများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းနှင့် အဆင့်အတန်းမြင့်မြင့် နေထိုင်ခဲ့သော မြန်မာတို့သည် နယ်ချဲ့အင်္ဂလိပ်တို့၏ ကိုယ်ကျိုးရှာ ၀ိသမလောဘဆိုးကြောင့် မတရား အကြောင်းမဲ့ ရန်ရှာကာ မြန်မာနိုင်ငံအား စစ်သုံးကြိမ် ဆင်နွှဲပြီး ၁၈၈၅ ခုနှစ်တွင် အပြီးအပိုင် သိမ်းယူခဲ့ကြသည်။

ထိုအခါ ဘယ်သောအခါမှ မတရားကျူးကျော်မှုကို ခေါင်းငုံ့မခံတတ်သော မြန်မာတိုိ့သည် လှေခွက်ချည်းကျန်၊အလံမလှဲ၊မြေတစ်လက်မကျန်သည်အထိ ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် မြန်မာတို့အနေဖြင့် လက်နက်ချင်း၊စစ်ရေးပညာချင်းတွင် မယှဉ်သာသောကြောင့် တိုက်ပွဲကနေဦးကာလများတွင် အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။အမျိုးကို ချစ်သော ဇာတိမာန်နှင့်ဇွဲလုံ့လသတ္တိတို့တွင် နယ်ချဲ့တို့ထက်များစွာသာလွန်သော မြန်မာတိုင်းရင်းသားတို့၏ စိတ်ဓါတ်ကိုကား နယ်ချဲ့တို့ မည်မျှ နှိမ်နင်းချေဖျက်ဖြင်း မပြုနိုင်ခဲ့ကြချေ။

ထိုကြောင့် မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန်သည် လျှောကျကွယ်ပျောက်ခြင်းမရှိ၊အခွင့်ရေး ရရင်ရသလို၊အခြေအနေပေးရင် ပေးသလို တစ်ပြည်လုံးသို့ ပြန့်နှံ့သွားကာ ဆက်လက်ရှင်သန်နေခဲ့သည်။အမျိုးထိလျှင် မချိအောင် နာတတ်သည့် တောင်ပေါ် မြေပြန့်နေ တိုင်းရင်းသားတို့က လွတ်လပ်ရေးသည် ပထမဟု ကြွေးကြော်ကာ နယ်ချဲ့တို့အား သဲသဲမဲမဲ ပြန်လည်တိုက်ခိုက်ခဲ့ရာ နယ်ချဲ့တို့သည် မီးဝိုင်းခံရသည့်ပမာ အထိတ်တလန့်ဖြစ်ကာ အိန္ဒိယအစိုးရက တပ်မတော်ကြီးတစ်ခု စေလွှတ်ပြီး ချေမှုန်းရသည်အထိ အထိနာခဲ့ကြရသည်။

နှစ်ဆယ်ရာစု နှစ်ဦးပိုင်းကာလ ၁၉၂၀ ခုနှစ်သို့ ရောက်သောအခါ တက္ကသိုလ်ဥပဒေပြဌာန်းခြင်းကို အကြောင်းပြု၍ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသဖြင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအသွင် သဏ္ဍာန်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုမှ ဆက်လက်၍ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ၊တောင်သူလယ်သမားအရေးတော်ပုံပါ ဆက်လက်ပေါ်ပေါက်လာပြန်သဖြင့် တောရောမြို့ပါမကျန် တစ်တိုင်းပြည်လုံးက အုံကြွလာကာ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားသည်ပင် ရပ်တန့်လုနီးပါး အခြေသို့ ဆိုက်ခဲ့ရသည်။

ဤသို့ နယ်ချဲ့အင်္ဂလိပ်တို့သည် နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော ပြောက်ကျားတိုက်ပွဲများကို နှိမ်နင်းနေရသည်ကတစ်ဖက်၊အတွင်းစည်းဝိုင်းထဲသို့ဝင်ပြီး ထိပါးလာသော ပြည်သူ့အုံကြွမှုကို ဖြေရှင်းရသည်က တစ်ဖက်၊မလှုပ်သာမယှက်သာရှိနေစဉ်တွင် ၁၉၃၉ ခုနှစ်၌ ဒုတိယကမ္ဘာစစ်ကြီးသည် စတင်ဖြစ်ပွားလာသည်။ထိုအခါ နယ်ချဲ့တို့သည် စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကြ ပါ၀င်တိုက်ခုုိက်ခဲ့ရာ ကိုလိုနီနယ်ပယ်များ အုပ်ချုပ်ရေးယန္တရားသည်လည်း ယိုင်နဲ့၍လာခဲ့သည်။

ဤအခြေအနေသည် “အင်္ဂလိပ်တို့အခက်၊မြန်မာအချက်” အဖြစ်မှတ်ယူကာ မြန်မာမျိုးချစ်ခေါင်းဆောင်တို့သည် လွတ်လပ်ရေးတိုက်ပွဲ၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်ကြသည်။ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်လူငယ်များသည် ဂျပန်ပြည်သို့ တိတ်တဆိတ်ထွက်သွားကာ ခေတ်မီ စစ်ပညာသင်ယူပြီး ဂျပန်တို့အကူအညီဖြင့် အင်္ဂလိပ်တို့အား တိုက်ထုတ်ရန် စီစဉ်ကြသည်။ထိုအစီအစဉ်အတိုင်း ဂျပန်တို့နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်တို့အား မောင်းထုတ်လိုက်ကြသည်။သို့သော် မဟာမိတ်ပြုထားသော ဂျပန်တို့သည် ကတိမတည်သည်သာမက မြန်မာတို့အပေါ် မတရားချုပ်ချယ်၊နိုင်ထက်စီးနင်းလုပ်လာသဖြင့် ၁၉၄၅ ခု၊မတ်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးတစ်ရပ် စတင်ဆင်နွှဲကာ ဂျပန်တို့အား တိုက်ထုတ်လိုက်ရပြန်သည်။

ဂျပန်တို့ထွက်ခွာသွား၍ အင်္ဂလိပ်တို့ ပြန်ဝင်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် ဖဆပလ အဖွဲ့ချုပ်ကြီးကို အခြေခံကာ လွတ်လပ်ရေးအတွက် အပြင်းအထန် ကြိုးစားကြသည်။တိုင်းရင်းသားစည်းလုံးမှုကိုသာမက အလုပ်သမား၊တောင်သူလယ်သမားများ ပါ၀င်ကူညီမှုကို အရယူကာ တစ်နှစ်အတွင်း လွတ်လပ်ရေးကို ချွင်းချက်မရှိ ချက်ချင်းပေးရန် အင်္ဂလိပ်တို့အား တောင်းဆိုခဲ့သည်။

ဤတွင် အင်္ဂလိပ်တို့သည် မနေသာတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဖိတ်ကြားကာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် လန်ဒန်မြို့သို့ ၁၉၄၇ ခု၊ဇန်နဝါရီလ ၂ ရက်နေ့တွင် သွားရောက်ကြစဉ် နောက်ပိုင်းမှ ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်သည် ရှမ်းတို့၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ကြေးနန်းရိုက် အကြောင်းကြားလိုက်သဖြင့် အခက်အခဲတွေ့နေခိုက် ဦးတင်အေး၊ဦးထွန်းမြင့် စသော ရှမ်းအမျိုးသားလူငယ်တို့က အစည်းအဝေးတစ်ရပ် အမြန်ခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်လူထု၏ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း ထပ်မံအကြောင်းကြားလိုက်မှသာ အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာ မတည်ဆောက်နိုင်ဘဲနှင့် မြန်မာတို့သည် ဘယ်သောအခါမှ လွတ်လပ်ရေးမရနိုင်ကြောင်းကို နားလည် သဘောပေါက်ကြပြီးလျှင် တိုင်းရင်းသားများ အချင်းချင်းရင်းနှီးချစ်ကြည်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြလေသည်။၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်သည် ရှမ်းပြည်နယ် ပင်လုံမြို့ကလေးသို့ရောက်ရှိလာကာ ရှမ်းခေါင်းဆောင်များ၊စော်ဘွားများ၊ဒူးဝါးများ၊ကချင််နှင့် ချင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ထိုအခါ တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်နယ်နှင့်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးကို တစ်စည်းတစ်လုံးတည်း ရယူကြရန် သဘောတူကြသဖြင့် ထိုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို အပြီးအပိုင် ချုပ်ဆိုနိုင်ခဲ့သည်။

မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲကား ရှည်လျားလှသည်နှင့်အမျှ အခက်အခဲ အတားအဆီးများကလည်း များလှသည်။ရခိုင်နှင့်တနင်္သာရီဒေသကို နယ်ချဲ့တို့စတင်သိမ်းပို်က်ခဲ့သည့်နေ့မှ စတင်ခဲ့သော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲလမ်းခရီးသည် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီး လွတ်လပ်ရေးပန်းတိုင်ကို လှမ်းမြင်နေရသည့်အချိန်တိုင် စင်းလုံးချော မဖြောင့်ဖြူးသေးချေ။မကြေလည်မှု၊ရန်လိုမှု၊ခွက်ပုန်းခုတ်မှုများသည် အရိပ်ပမာ လိုက်နေသည်။ထို့ကြောင့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့သည် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် လှေပြေးရင် တက်ကျိုးဆိုသလို ကျဆုံးခဲ့ရသည်။

သို့သော် မြန်မာတို့သည် တစ်ဗိုလ်လဲ တစ်ဗိုလ်တက်၊တစ်တပ်ပျက် တစ်တပ်စုဆိုသလို မပြီးဆုံးသေးသော လွတ်လပ်ရေးခရီးကို ဆက်လက်လျှောက်လှမ်းခဲ့ကြရာ ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနုနှင့် အင်္ဂလိပ်နန်းရင်းဝန် မစ္စတာအက်တလီတို့ ထပ်မံညှိနှိုင်းဆွေးနွေးကြကာ ထိုနှစ်မှာပင် နု-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ဤသို့ဖြင့် မြန်မာတစ်မျိုးသားလုံးသည် နှစ်ပေါင်း ၁၀၀ ကျော်မျှ မိမိတို့လက်ထဲမှ နယ်ချဲ့တို့လုယူသွားခဲ့သော အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကြီးကို “၁၉၄၈ ခု၊ဇန်နဝါရီလ ၄ ရက်နေ့” တွင် ပြန်လည်ရရှိခဲ့ပါတော့သည်။

ထိုအချိန်မှစ၍ မြန်မာတစ်မျိုးသားလုံးက သွေးချွေးများ မြေအကျခံပြီး တိုက်ခိုက်ရယူခဲ့သော မြန်မာ့အချုပ်အခြာ အာဏာလွတ်လပ်ရေးကြီးကို အသက်ပမာ တန်ဖိုးထားပြီး ထိုလွတ်လပ်ရေးကြီး မပျောက်ပျက်၊မဆုံးရှုံးသွားဘဲ ထာဝစဉ် တည်တံ့သွားနိုင်ရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့သို့ရောက်တိုင်း “လွတ်လပ်ရေးနေ့” ဂုဏ်ပြု အထိမ်းအမှတ်ပွဲများကို စည်ကားစွာ ကျင်းပခဲ့ပါသည်။ 

source - bahan media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။