ပျိုမေများအတွက် သာမက ကိုကိုမောင်များ အတွက်လည်း ဆံပင်ကျွတ်ခြင်းကို ခံစားရတဲ့အခါ တကယ့်ကိုပဲ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆံပင်ကျွတ်တာ များလာတဲ့အခါ နှဖူးပြောင်လာမယ်၊ ဆံသားကျဲလာမယ် … စတာတွေအပြင် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာလည်း ဆံပင် အကျွတ်တွေကို မကြာခဏ တွေ့ရလို့ စိတ်ညစ်ရပါတယ်။ ဒီလို မဖြစ်ရလေအောင် ဆံပင် ကျွတ်ခြင်းမှ ကင်းဝေးစေနိုင်တဲ့ အဓိက အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) သဘာဝ အဆီးများ လိမ်းပေးပါ။

သံလွင်ဆီ၊ အုန်းဆီ၊ လက်ဖက်ဆီ စတဲ့ သဘာဝ အဆီ တစ်မျိုးမျိုးကို ဆံသားကို လိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင် တစ်နာရီလောက် အလိုမှာ အဆီများ ရွှဲနေအောင် လိမ်းပြီး ခေါင်းပေါင်းဖြင့် ပတ်ထား/ အုပ်ထားပေးပါ။ အဆီလိမ်းထားရင် မနေတတ်တဲ့ သူများ အနေနဲ့ကတော့ ခေါင်းမလျှော်ခင် တစ်ရက် ကြိုတင်ပြီး အဆီများများ လိမ်းပြီး တစ်ည သိပ်ပေးပါ။ နောက်နေ့ နံနက်မှ ခေါင်းလျှော်ပါ။

(၂) သဘာဝ အရည်များ လိမ်းပေးပါ။

သဘာဝ အရည်များ ဖြစ်ကြတဲ့ ဆန်ဆေးရည်၊ ကြက်သွန်နီရည်၊ ကြက်သွန်ဖြူ အရည်၊ ဂျင်းအရည်၊ ပျားရည်၊ ရှားစောင်းလက်ပတ်ရည် စတာတွေထဲမှ တစ်မျိုးမျိုးကို ခေါင်းမလျှော်ခင် ရွှဲရွှဲလေး ပွတ်လိမ်းပေးပါ။ ဦးရေပြားကိုပါ စွတ်ပေးပါ။ တစ်နာရီခန့် ထားပြီးနောက် ခေါင်းလျှော်ပေးပါ။ တစ်ညတာ နှပ်ထားပြီး နောက်နေ့ မနက် ခေါင်းလျှော်လျှင် ပိုပြီး ထိရောက်ပါတယ်။ 

(၃) အနံ့ မရှိသော/ အနံ့ နည်းသော ခေါင်းလျှော်ရည်ကို သုံးပါ။

ခေါင်းလျှော်ရည်တွေမှာ အနံ့ မွှေးစေဖို့ ဓာတုဆေးများ ပိုမို အသုံးပြုရတဲ့ အတွက် အနံ့မွှေးလွန်းသော ခေါင်းလျှော်ရည်များက ဦးရေပြားနဲ့ ဆံသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ခေါင်းလျှော်ရည်မျိုးကို ရှောင်ပါ။

(၄) ဦးရေပြားကို နှိပ်ပေးပါ။

ဦးရေပြားကို နေ့စဉ် မိနစ် အနည်းငယ် နှိပ်ပေးခြင်းဖြင့် ဦးရေပြားရှိ သွေးလည်ပတ် သွားလာမှုကို ကောင်းမွန်စေပါတယ်။ ဒီလို ပြုလုပ်ခြင်းက ဆံပင် အရင်းအမြစ်ကို သန်မာစေပြီး ဆံသားအတွက် တိုးတက် ကောင်းမွန်စေပါတယ်။ အဆီ တစ်မျိုးမျိုး အသုံးပြုပြီး နှိပ်နယ်ပေးခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်။ 

(၅) ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသုံးပါ။

ဆံသား ကျန်းမာရေး၊ ခန္ဓာကိုယ် အတွက် ကျန်းမာရေးကို အထောက်အကူ ပေးသော အစားအသောက်များကို စားသုံးပါ။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ငါးများက ဆံသား ကျန်းမာရေးအတွက် အထောက်အကူ ပေးနိုင်ပါတယ်။

(၆) စိတ်ဖိစီးမှုကို လျှော့ချပါ။

စိတ်ဖိစီးမှုကလည်း ဆံပင် ကျွတ်စေတဲ့ အကြောင်း အရင်း တစ်ခုထဲက အပါအဝင် ဖြစ်ပါတယ်။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး စိတ်ဖိစီးမှုများကို လျှော့ချပါ။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

ဖော်ပြပါ အကြောင်းအများကို သိရှိပြီးနောက် ပျိုမေများအားလုံး လှပ ကျော့ရှင်းသော ဆံသားလေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Health Digest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။