ဇန်နဝါရီ (၅)ရက်၊ ယနေ့တွင် ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှုမှ ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်ခဲ့သူ သုံးဦးအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်ရမန်ယူခဲ့တယ်လို့သိရပါတယ်။ နောက်ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အောင်ရဲထွေး အစ်ကိုဖြစ်သူရဲ့ အမှုဖွင့်တိုင်ကြားချက်အရ ၎င်းအမှုအား ဆက်လက်စစ်ဆေးခဲ့ရာ ကျူးလွန်သူများထဲမှ သန်းထွဋ်အောင် (ခ)သားကြီးဆိုသူကတော့ ၎င်းရဲ့ ဖခင်ဖြစ်သူကိုယ်တိုင် ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်ပို့ဆောင်အပ်နှံသဖြင့် သန်းထွဋ်အောင်ကို ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ 

၎င်းရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ) အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန်(ခ)ကျော်ဇောတို့ အတူပါဝင်ခဲ့တယ် လို့သိရတာကြောင့် ဆက်လက်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။အဆိုပါ ကျူးလွန်ရာ ပါဝင်ခဲ့တဲ့ ပြည်ဖြိုးအောင်(၂၆) နှစ်ဆိုသူကို မိခင်ဖြစ်သူက ဇန်နဝါရီ ၃ ရက် ညပိုင်းတွင်လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ၎င်းရဲ့ မိဘများက ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် ဖမ်းဆီးပြီး ဆက်လက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့သုံးဦးဟာ The One Entertainment ဝင်းအတွင်းပြုလုပ်သော ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ၎င်းတို့နှင့် ယခင်က ခိုက်ရန် ဖြစ်ဖူးသူ တစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့တက်၍ ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်စဉ် အဆိုပါ အမျိုးသားမှာ လဲကျသွားခဲ့ခြင်း ဖြစ်တယ်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။၎င်းခိုက်ရန်ဖြစ်ပွားကြောင့် ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၂နာရီခန့် တွင် သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - အောင်မျိုးသန့်၊ ပြည့်ဖြိုးအောင်(Eleven)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။