ကျနော်တို့ ကမ္ဘာမြေကြီးဟာ ကြက်သွန်နီလို အလွှာအထပ်ထပ်နဲ့ ဖုံးအုပ်ထားတဲ့ ဘောလုံးကြီးတစ်လုံးလိုပါပဲ။ မြေထုလွှာတွေရဲ့ အပေါ် (တနည်း) ကမ္ဘာပေါ်မှာ ကျနော်တို့ နေထိုင်ကြပြီး လေထု အလွှာတွေရဲ့အောက်မှာ သက်ရှိသတ္တဝါတွေ ရှင်သန်ကြပါတယ်။ လက်ရှိ တူးဖော်နေကြတဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့ဆိုတာ မြေပြင်မှ သိပ်မကွာဝေးလှတဲ့ နေရာကနေ ရရှိနေတဲ့ သဘာဝသယံဇာတ (ရုပ်ကြွင်းလောင်စာ) များဖြစ်ပါတယ်။ ကမ္ဘာ့အတွင်းပိုင်းကို ဘယ်သူမှ မတူးကြည့်ဖူးသေးပါဘူး..။ 

ကမ္ဘာ့အတွင်းအကျဆုံးအပိုင်းမှာ သံ၊ နီကယ်တို့နဲ့ အဓိက ဖွဲ့စည်းထားတဲ့ အနှစ်ဆံ (Core) တစ်ခုရှိပါတယ်။ အတွင်းအနှစ် (Inner Core) နဲ့ အပြင်အနှစ် (Outer Core) ဆိုပြီး ခွဲခြားလို့ရပါတယ်။ သူတို့ရဲ့ အပြင်ဘက်မှာတော့ Mantle (မန်တယ်လ်) လို့ခေါ်တဲ့ ပျော့ဖတ်ဖတ် အရည်ပူ (တနည်း) ချော်ရည်ပူ တွေရှိပါတယ်။ မီးတောင်ပေါက်ကွဲတဲ့အခါတွေမှာ မီးတောင်ချော်ရည်အဖြစ် ထွက်လာတတ်ကြပါတယ်။ သူတို့လှုပ်ရှား (ရွေ့လျား) တဲ့အခါ လွှာတွန့်ခြင်း၊ လွှာထပ်ခြင်း၊ ငလျင်လှုပ်ခြင်း အစရှိတဲ့ အကျိုးဆက်တွေဖြစ်ပေါ်တတ်ပါတယ်။ 

Mantle ဟာ ကမ္ဘာ တစ်ခုလုံး ဧရိယာရဲ့ ၈၀% လောက်ရှိပါတယ်။ မြေပြင်မှ မိုင် ၂၀ ကျော်အကွာမှာ ရှိပါတယ်။ ဒီနေရာကို ဘယ်သူမှ (ဘယ်နိုင်ငံမျှ) မတူးကြည့်ဖူးသေးပါဘူး။ ၁၉၇၀ လောက်ကစပြီး တူးဖော်ခဲ့တဲ့ ရုရှားက Kola Superdeep Borehole တွင်းဟာ လူတွေတူးခဲ့သမျှ အနက်ဆုံးတွင်းဖြစ်ပြီး ၁၂ ကီလိုမီတာ (၇.၅ မိုင်) လောက်သာ ရှိတာဖြစ်ပါတယ်။ ၂၀၀၇ လောက်က အဲ့ဒီ့တွင်းထဲကနေ အသံတွေကြားရတယ်ဆိုပြီး ကောလဟလတွေထွက်ခဲ့ပါသေးတယ်။

ယခု ဂျပန်နိုုင်ငံမှ တူးမယ့် အစီအစဉ်ကတော့ Japan Agency for Marine-Earth Science and Technology (JAMSTEC) ကနေ ဦးဆောင်ပြီး "Chikyu" (ချီကူ) လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးနဲ့ သမုဒ္ဒရာရေအောက်မျက်နှာပြင် (ကြမ်းပြင်) ကနေ တူးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နေရာရွေးချယ်ဖို့အတွက် သုတေသန လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပြီး Mantle အလွှာထိရောက်အောင် တူးမှာပါ။ (လက်ရှိရွေးချယ်ထားတာကတော့ မြေအောက်မီးတောင်တွေရှိတဲ့ ဟာဝိုင်အီ ကျွန်းအနီးမှာဖြစ်ပြီး အရံအနေနဲ့ ကိုစတာရီကာ နဲ့ မက္ကဆီကို ပင်လယ်ကွေ့အနီးကို လျာထားပါတယ်။) ဒီတူးဖော်မှုကြောင့် မြေငလျင်ဖြစ်ပေါ်မှုအပါအဝင် အခြား ဘူမိဗေဒ နဲ့ ပထဝီဆိုင်ရာ တွေ့ရှိချက်တွေကို ပိုမို အသေးစိပ် လေ့လာတွေ့ရှိနိုင်မှာဖြစ်ပြီး.. တဖက်ကလည်း ရာသီဥတု နဲ့ သဘာဝ ဂေဟစနစ် အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်မလဲဆိုတာ သေချာလေ့လာရမှာပါ။ ဤတူးဖော်ခြင်း လုပ်ငန်းကို ၂၀၃၀ ခုနှစ်လောက်မှာ စပြီး တူးဖော်မှာပဲ ဖြစ်ပါတော့တယ်။

Source : သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။