ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စုတွင် ဝမ်းလျှောပြီး ရုတ်တရက်သေဆုံးခဲ့ တယ်ဆိုဟုဆိုကာ မြေမြုပ်လိုက်တဲ့အလောင်းက ပဟေဋ္ဌိများစွာ ရှိနေသေဆုံးမှု တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သေဆုံးသူ အမျိုးသားဟာ မန်ရွက်ကျေးရွာအုပ်စု မီးသွေးကုန်ကျေးရွာအနီး ရာဘာခြံတစ်ခုမှာ အလုပ်လုပ်နေတဲ့ လုပ်သား တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာတည်းက ရုတ်တရက်ဝမ်းတွေလျှောပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။၎င်းအမျိုးသား သေဆုံးမှုဖြစ်စဉ်မှာ မင်္သကာဖွယ်ရာ အချက်တွေရှိနေတာကြောင့် မိုးကောင်းမြို့ နယ်မြေ ရဲတပ်ဖွဲ့မှ ပြန်လည်တူးဖော်စစ် ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူသေမှုဖြစ်စဉ်မှာ ဝမ်းလျှောပြီး ရုတ်တရက်သေဆုံး ခဲ့တာမဟုတ်ပဲ သူငယ်ချင်းအချင်းချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလူသတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နေ့ချင်းမှာပဲ ဝမ်းလျှောပြီး ရုတ်တရက်သေဆုံးခဲ့တယ်ဟု ဆိုကာ အလောင်းကိုမြုပ်နှံခဲ့တာ ပဲဖြစ်ပါတယ်။ တစ်လကြာပြီးနောက် တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်များအရ ဇန်နဝါရီလ(၅) ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က အလောင်းကို ပြန်လည်တူးဖော်စစ်ဆေးရာ အခုလိုဖြစ်စဉ်ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကို သိရှိခဲ့ရတာဖြစ်ကြောင်း မိုးကောင်း မြို့နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။

"တရားခံကိုလည်းမိလိုက်ပြီ ။ ဖြစ်စဉ်က အရက်သောက်ရင်း ဆုံးမလိုက်တာ လို့ပြောတယ်။ အဲ့ဒီမှာ လက်လွန်သွား တယ်ပေါ့။ ကျောက်ကပ်ပျက်စီးသွားတာ ။ ၃ ရက်နေ့မှာ ဝမ်းတွေသွားပြီး သေသွားတယ်။ ရာဘာခြံမှာလုပ်နေတဲ့ သူအချင်းချင်းပါပဲ ။ သူငယ်ချင်းအချင်းချင်းလို့ ပြောရမှာပေါ့" လို့ အဆိုပါ ရဲအရာရှိတစ်ဦး ကပြောပါတယ်။ လက်ရှိ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျူးလွန်သူကို မိုးကောင်းရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ ၂၀၁ နဲ့ အမှုဖွင့်လှစ်ထား တယ်လို့သိရပါတယ်။

Source - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။