ချာပီကိုအန်ဆီဘောလုံးအသင်း လိုက်ပါလာသော လေယာဉ်သည် လောင်စာဆီကုန်သွား၍ ပျက်ကျခဲ့ခြင်းဖြစ်

ဘရာဇီးဘောလုံးကလပ်အသင်း ချာပီကိုအန်ဆီအသင်းသားများနှင့် အဖွဲ ့ဝင်များလိုက်ပါခဲ့သော လေယာဉ်သည် လောင်စာဆီကုန်သွားခဲ့၍ ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း အသံမှတ်တမ်းတင်ကိရိယာမှ ထွက်ပေါ်လာသော ပြောစကားများအရ သိရသည်ဟု ဆိုသည်။

လောင်စာဆီပြတ်တောက်ခဲ့ပြီး လျှပ်စစ်စနစ်များ ချွတ်ယွင်းသွားမှုကြောင့် လေယာဉ်ကို ဆင်းသက်ခွင့်ပြုရန် လေယာဉ်မှူးက အကြိမ်ကြိမ်တောင်းဆိုနေခဲ့သည်ကို အသံဖမ်းစက်တွင် ကြားခဲ့ရသည်ဟု ဆိုသည်။ လေယာဉ်ပျက်ကျမှုအတွင်း လူ(၇၁) ဦးသေဆုံးခဲ့ကာ (၆) ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့သည်။ ချာပီကိုအန်ဆီ အသင်းသည် အသင်း၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်သော Copa Sudammericana ဖလားဗိုလ်လုပွဲ ပထမအကျော့ကစားရန် ကိုလံဘီယာနိုင်ငံသို ့အသွား လမ်းခရီး၌ ယခုအဖြစ်ဆိုး ကြုံခဲ့ရခြင်းဖြစ်သည်။

LAMIAဘိုလီဗီးယားစင်းလုံးငှား လေယာဉ်ပျက်ကျရာတွင် အသက်ရှင်ခဲ့သူများ၌ ကလပ်အသင်း၏ ဘောလုံးသမားသုံးဦးလည်း ပါဝင်ခဲ့သည်။ ကိုလံဘီယာနိုင်ငံ မယ်ဒယ်လင်မြို့၌ ဗုဒ္ဓဟူးနေ့တွင် ဖိုင်နယ်ပွဲကစားရမည့် ချာပီကိုအန်ဆီ ကလပ်အသင်းအတွက် ဘောလုံးပရိသတ်များက ချီးကျူးဂုဏ်ပြုမှုများ ပြုလုပ်ပေးခဲ့ကြသည်။ မြို ့ခံ အသလက်တီကို နေစီယွန်နယ်အသင်းနှင့် ချာပီကိုအန်ဆီအသင်းတို ့ ကစားမည့် ဘောလုံးကွင်းအတွင်းသို့ ဖယောင်းတိုင်များကိုင်ဆောင်ကာ အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည့် ထောင်ပေါင်းများစွာသော ပရိတ်သတ်များ စုဝေးလာရောက်ခဲ့ကြကာ ဂုဏ်ပြုပေးခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ချာပီကိုအန်ဆီအသင်း ပရိသတ်များသည်လည်းဘရာဇီးနိုင်ငံရှိ ၄င်းတို ့အသင်း၏အိမ်ကွင်း ချာပီကိုတွင် အနက်ရောင်ဖဲကြိုးများ တပ်ဆင်လျက် ဝမ်းနည်းမျက်ရည်များနှင့်အတူ ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ကြသည်။ မတူညီသည့် ဘောလုံးကွင်း နှစ်ခုစလုံးတွင် ဝမ်းနည်းပူဆွေးနေသော ပရိသတ်များ ပြည့်နှက်နေခဲ့သည်။

ကိုလံဘီယာမီဒီယာက ဖော်ပြခဲ့သော အသံဖမ်းစက်တွင် ပြောဆိုနေမှု၌ `` လောင်စာဆီ လုံးဝ ပြတ်သွားပြီ။ လျှပ်စစ်စနစ်တွေ အကုန် ချွတ်ယွင်းသွားပြီ။ LAMIA 933 မှာ အားလုံး ချွတ်ယွင်းသွားပြီ´´ ဟု လေယာဉ်၏ ဘိုလီဗီးယားနိုင်ငံသား လေယာဉ်မှူးက မယ်ဒယ်လင်မြို ့ လေယာဉ်ကွင်းမှ လေကြောင်း ထိန်းချုပ်ရေးမျှော်စင် အော်ပရေတာသို ့ ဆက်သွယ်ပြောဆိုနေမှုအား ကြားခဲ့ရသည်ဟု ဆိုသည်။

လောင်စာဆီအရေးပေါ်အခြေအနေဖြစ်ပေါ်နေ၍ လေယာဉ်ကို အမြန်ဆုံးဆင်းသက်ခွင့်ပေးရန် လေယာဉ်မှူးက တောင်းဆိုနေခဲ့သည်ကိုလည်း အသံဖမ်းစက်တွင် ကြားခဲ့ရသည်။ လေယာဉ်သည် အမြင့်ပေ(၉၀၀၀)တွင် ပျံသန်းနေကြောင်းလည်း အသံဖိုင်ပြတ်မသွားမီလေးတွင် လေယာဉ်မှူးက ပြောကြားထားခဲ့သည်။ ယင်းနောက် လေယာဉ်သည် တနင်္လာနေ ့ညပိုင်း၌ မယ်ဒယ်လင်မြို ့အနီး တောင်ထူထပ်သောဒေသတွင် အရှိန်ဖြင့် ပျက်ကျသွားခဲ့ခြင်းဖြစ်သည် ။

လေယာဉ်ပျက်ကျချိန်တွင် ပေါက်ကွဲမှု မဖြစ်ပွားခဲ့ခြင်းက လောင်စာဆီမရှိတော့သည်ကို ညွှန်းပြနေခဲ့ကြောင်း ကိုလံဘီယာ စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပြီး ယင်းအချက်(လောင်စာကုန်မှု)ကို သံသယဖြစ်စရာ မရှိခဲ့ကြောင်း ပြောခဲ့သည်။ လေယာဉ်သည် အဘယ်ကြောင့် လောင်စာဆီကုန်ခဲ့ရကြောင်းကို မသိရသေးဘဲ ဆီယိုစိမ့်ထွက်ခဲ့၍လား သို ့မဟုတ် ခရီးစဉ်အတွက် လောင်စာဆီမလုံလောက်ခဲ့၍လား ဟူသည်ကို မသိရသေးပေ။ စုံစမ်းစစ်ဆေးသူများကမူ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မည်သည့်ထုတ်ပြန်ချက်ကိုမျှ ပြုလုပ်ဦးမည်မဟုတ်သေးဘဲ အပြည့်အဝ စစ်ဆေးသုံးသပ်ချက်ပေးရန် လချီကြာနိုင်သည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။

Ref:Reuters, BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။